MNP - နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအား အထက(ဇီးကုန်း) ကျောင်းသား၊ ကျောင်းသူများမှ “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားရာတွင် “အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ အမျိုးသားရေးလက္ခဏာ များ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ဝံသာနုရက္ခိတ တရားကိုအခြေခံပြီး အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ကြရန်၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်” တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ အထက-ခွဲ(ကံကြီး)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ညွန့်သောင်းမှ အမျိုးသားနေ့အကြောင်း သိကောင်းစရာများနှင့် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် The Best ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့အကြောင်း စကားဝိုင်းဆွေးနွေးခြင်းဖြင့် တင်ဆက်ဆွေးနွေးခဲ့ကြပြီး၊ “ဇာတိမာန်သီချင်း” သီဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အခမ်းအနားတက်ရောက်လာသူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - တင့်ဆွေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment