MNP - နိုဝင်ဘာ ၂၁
ယခုလာမည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်” (အကြို)ပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲသင်တန်းကို ပြည်မြို့ သူနာပြုသင်တန်း ကျောင်းခန်းမဆောင်၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပရာ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ ပြည်သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၁၅၀)ကျော် တက်ရောက်သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်ဦးက “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု သမိုင်းကြောင်းနှင့် GENDER, CEDAW, NSPAW, နှင့် UNSCR 1325 စသည့် အပြည်ပြည်ဆိုင်ရာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်မှုများအကြောင်း၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများ သည်နေရာမရွေး အချိန်မရွေး ဖြစ်ပွားနိုင်သည့်အကြောင်းနှင့် အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အများဆုံး ဖြစ်ပွားတတ် သည့် အကြမ်းဖက်မှုများအကြောင်း၊ ယင်းသို့အကြမ်းဖက်များကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ အကြောင်းနှင့် ခရိုင်အတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ်အကြမ်းထက်မှုပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်နေမှုများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်နေမှုကို သိရှိတွေ့ရှိပါက ဆက်သွယ်တိုင်ကြား နိုင်သည့်နေရာများ၊ နည်းလမ်းများအကြောင်းနှင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကာကွယ်တိုက်ဖျက်ရမည့်အကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအကြောင်း၊ ပြည်ခရိုင်အတွင်း အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအကြောင်းနှင့် အကြမ်းဖက် ခံရသည့် အမျိုးသမီးများအပေါ် ထောက်ပံ့ပေးနေမှုများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ အကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ဖြေကြားဆွေးနွေး ခဲ့ကြပြီး ပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment