ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော်တစ်ပါး။ ဆုံဆည်းဖို့ တွေ့ဆုံဖို့ ရင်းနှီးခင်မင်ဖို့ ဘယ်လိုမှ ဆက်စပ်မှုမရှိဘဲ သိကျွမ်းခင်မင်ခွင့်ရခဲ့ပါတယ်။ အကြောင်းကတော့ NLD ပါတီက မဲလိမ် မဲခိုးမှုတွေ ကျူးလွန်တဲ့အတွက် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ပြီးနောက် NLD ဦးဆောင်သူတွေရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုနဲ့အတူ ကျေးလတ်ဒေသမကျန် NLD ကို ထောက်ခံအားပေးသူတွေက ဆူပူအကြမ်းဖက် တခြားပါတီဝင်တွေကို ရန်ပြုစော်ကားတာတွေကြောင့် ဆရာတော်နဲ့ သိကျွမ်းခင်မင်ဖို့ အကြောင်းဖြစ်လာခဲ့တယ်လို့ပဲ ဆိုရပါလိမ့်မယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ၂နှစ်တာ သက်တမ်းကာလမှာ သာသနာ့အာဇာနည်တစ်ပါး ထွန်းပေါ်ခဲ့တယ်။ အဲဒါ ဘယ်ဆရာတော်လဲလို့ မေးရင်လည်း ရိုးရိုးရှင်းရှင်းပဲ ဝန်ခံရပါလိမ့်မယ်။ အဲဒါကတော့ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်)ပဲ ဖြစ်ပါတယ်။
ဆရာတော် စတင်ချိတ်ဆက်လာတဲ့ ပြဿနာကတော့ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ပြည်ခိုင်းဖြိုးပါတီဝင်တွေက NLD တွေက ယုတ်မာရိုင်းစိုင်းစွာ အနိုင်ကျင့်စော်ကား၊ အိမ်တွေ မီးရှို့ဖျက်ဆီး လုပ်နေတဲ့အချိန်မှာ ဆက်သွယ်လာခဲ့ခြင်း ဖြစ်ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ကိုယ့်ရွာသူရွာသားအချင်းချင်း နှိပ်စက်ကလူ ပြုနေတဲ့ သတင်းတွေကို ကြားသိရပြီး ဆရာတော်က အဲဒီလူတွေကို သွားကယ်တင်ပါတယ်။ ကျောင်းမှာပဲ စောင့်ရှောက်ထားပါတယ်။ ဒေါ်မိုးသူဇာ နေအိမ်မီးရှို့ဖျက်ဆီးခံရပြီး ထွက်ပြေးတိမ်းရှောင်လာရသူ၊ ဒေါ်မို့မို့ဝင်း ခင်ပွန်းဖြစ်သူ (ဦးကျော်မျိုးသက်) အသက်ခံရပြီး ကလေးတွေနဲ့ နေရာလက်မဲ့ ဖြစ်နေတဲ့သူ၊ ဦးညွန့်ခိုင်ရဲ့ မိသားစုများ အစရှိတဲ့ ကာပေါင်းကျကျေးရွာက အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကူညီစောင့်ရှောက်ရင်းက မှော်တော်ကျေးရွာက ဆရာတော်ဦးဝါသဝ ရဲ့ သာသနာ့အလင်းရောင် ကျောင်းတိုက်ဟာ အကြမ်းဖက်ဘေးရှောင်စခန်း ဖြစ်လာခဲ့ပါတယ်။
မီဒီယာတွေမှာ အကြမ်းဖက်အားပေး မီဒီယာတွေက များနေတဲ့အချိန် ဆရာတော်က အကြမ်းဖက်လှုပ်ရှားမှုကို ဆန့်ကျင်နေတဲ့ မီဒီယာကို ရှာရာမှာ ကျွန်တော့်ကို တွေ့မြင်သွားဟန်တူပါရဲ့။ ကျွန်တော်နဲ့ တိုက်ရိုက်အဆက်အသွယ် ရခဲ့ခြင်းမဟုတ်ဘဲ တပ်မတော်အငြိမ်းစား ဦးဉာဏ် က တဆင့် အဆက်အသွယ်ရခဲ့ခြင်းဖြစ်ပါတယ်။ ဦးဉာဏ် က တန့်ဆည်မြို့နယ်မှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ပြည်ခိုင်ဖြိုးပါတီရဲ့ နေအိမ်တွေကို ဖျက်ဆီးနေတဲ့ ရုပ်သံမှတ်တမ်း အတိုလေးတွေ ပေးပို့ပါတယ်။ နောက်တော့ ဆရာတော်နဲ့ ဆက်သွယ် ကူညီ ဆောင်ရွက်ဖို့ ပြောပါတယ်။ နောက်တော့ ဆရာတော်နဲ့ ကျွန်တော် အဆက်အသွယ်ရခဲ့ပါတယ်။ ဆရာတော်ကတော့ အကြမ်းဖက်ဘေးအန္တရာယ် ခံနေရသူတွေကို ကူညီစောင့်ရှောက်ပေးနေရတယ်။ အကြမ်းဖက်သမားတွေ ရဲ့ စာရင်းတွေနဲ့ အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း၊ ဦးညွန့်ခိုင် တို့နဲ့ ကျွန်တော့်ကို စကားပြောခိုင်းတယ်။ ၂၀၂၁ ခုနှစ်၊ မေလကုန် လောက်ကစပြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာက NLD အစွန်းရောက် အကြမ်းဖက်သမားတွေကို ဓာတ်ပုံမှတ်တမ်းများနဲ့ တကွ ဖော်ပြနိုင်ခဲ့ပါတယ်။
တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်ဘေးအန္တရာယ်တွေ ကြုံတွေ့နေရချိန် ကျွန်တော်တို့က အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင် လုပ်ကိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဆရာတော် ဦးဝါသဝနဲ့ ကျွန်တော် အဆက်အသွယ် မပြတ်ရှိနေခဲ့ပြီး ဆရာတော်ကျောင်းမှာ ခိုလှုံနေကြသူတွေအတွက် စားဝတ်နေရေး မပြည့်စုံတဲ့အခြေအနေကြောင့် မိမိတို့ တတ်စွမ်းသမျှ အမျိုးသားရေးညီအစ်ကိုမောင်နှများ၊ အလှူရှင်များ စုပေါင်းပြီး ပေးပို့လှူဒါန်းမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပ အကို အမများ အားလုံးက ဆရာတော်ထံ ပေးပို့လှူဒါန်းဖို့ အားလုံး ထည့်ဝင်လှူဒါန်းပေးခဲ့ကြပါတယ်။
ဆရာတော်ကျောင်းမှာ တဖြည်းဖြည်း လူများလာပြီး လိုအပ်ချက်တွေလည်း များပြားလာခဲ့ပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခု အသက်လုပြီး ထွက်ပြေးခဲ့ရတဲ့ မိသားစုတွေမှာ အဝတ်အထည်တွေလည်း လိုတယ်ဆိုတဲ့အခါ အဝတ်အထည်တွေလည်း လှူဒါန်းပေးနိုင်အောင် ကြိုးစားခဲ့ပါသေးတယ်။ စုဆောင်း ပေးပို့ဖို့ရာ အခက်အခဲရှိတဲ့အတွက် အလှူငွေပဲ အဓိကထားပြီး ပေးပို့လှူဒါန်းဖြစ်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အဲဒီလိုဖြစ်နေတဲ့ကာလအတွင်းမှာ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတော့ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်လာရတဲ့ မိသားစုတွေထဲမှာ ကျောင်းသားတွေလည်း ပါနေတာဖြစ်တဲ့အတွက် သူတို့တွေကို ကျောင်းတက်နိုင်အောင် ဆရာတော်ဦးဝီရသူ တည်ထောင်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီမှာ ဆရာတော်ဦးဝါသဝ ကိုယ်တိုင် လာရောက်အပ်နှံပေးခဲ့ပါတယ်။
နောက်တော့ ဆရာတော်နဲ့ တိုင်ပင်ပြီး ဒေသခံပြည်သူတွေ အကြမ်းဖက်ဘေးအန္တရာယ် ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို တွေ့ဆုံမေးမြန်းနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက အဖွဲ့တွေကို ပထမဆုံး မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကန့်ဘလူသွားဖို့ကလည်း မလွယ်ကူ၊ ဆရာတော်တို့ လာဖို့ကလည်း စရိတ်စက မလွယ်ကူ။ စစ်ကိုင်းနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီမှာ တွေ့ဆုံပြီး မေးမြန်းဖို့ စီစဉ်ခဲ့ပါတယ်။
ကျွန်တော်က ရန်ကုန်ကနေ ဦးငွေထွန်းနဲ့အတူ လာခဲ့ပါတယ်။ ဆရာတော်က ဒေါ်မိုးသူဇာ၊ ဒေါ်မိုးမိုးဝင်း၊ မသူဇာဝင်း၊ ဦးညွန့်ခိုင်တို့နဲ့ မင်းကွန်းပုထိုးတော်ကြီးက လာစောင့်မှာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ နေပြည်တော်အကျော်မှာပဲ ကျွန်တော်တို့ ကားက ဆက်မောင်းမရတော့ဘဲ ဖြစ်သွားပါတယ်။ ကားကို နေပြည်တော်ထဲ ပြန်စွဲပြီး ဝပ်လျှော့အပ်တဲ့အခါ အင်ဂျင်အလုံးလိုက် လဲလိုက်ရပါတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။
ဆရာတော်ကို အကြောင်းအကျိုး ဆက်သွယ်လျှောက်ထားပြီး နေပြည်တော်ထိ လာခေါ်ပေးဖို့ ပြောရပါတယ်။ နောက်နေ့ ဆရာတော်ဦးဝါသဝ နဲ့ မင်းကွန်းပုထိုးတော်ကြီးက ဆရာတော်တစ်ပါး ၊ ဦးညွန့်ခိုင်လည်း ပါတယ်။ နေပြည်တော်အထိ လာခေါ်ပါတယ်။
ပုထိုးတော်ကြီးမှာ တစ်ယောက်ချင်းကို မေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က ကိုယ့်ရှိတဲ့အဝတ်အစားလေးတွေ၊ သားရဲ့ အဝတ်အစားလေးတွေလည်း လှူဖို့ ယူလာခဲ့ပါတယ်။ ကိုယ်တွေက ဒုက္ခနည်းသေးတယ်။ သူတို့က ကိုယ့်ထက် ဒုက္ခရောက်နေသူတွေဖြစ်တဲ့အတွက် ဒေါ်မို့မို့ဝင်း ရဲ့ ကလေးတွေလည်း မုန့်ဖိုးပေး။ ဆရာတော်ကိုယ်လည်း ရှိတာလေး ပါတာလေး ခရီးစရိတ်ချန်ပြီး လှူဒါန်းခဲ့ပါတယ်။
ဆရာတော်၊ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း၊ ဦးညွန့်ခိုင်၊ မသူဇာဝင်းနှင့် နောက်ထပ် ဦးလေးကြီး ၂ယောက် တို့ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ ရုပ်သံတွေကိုလည်း လုံခြုံရေးအခြေအနေအရ (၃)ပတ်လောက်ကြာမှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှတ်တမ်းတွေ သတင်းစာမျက်နှာတွေက ဖော်ပြပါရှိလာတဲ့အချိန် ဆရာတော်ရဲ့ ကျောင်းမှာ ပြဿနာပေါ်ခဲ့ပါတယ်။ အဲဒီ ညက ဂေါပက တွေက ဒီလူတွေကို လက်ခံထားခြင်းကြောင့် ရွာပါအန္တရာယ်ဖြစ်မယ်ဆိုတာမျိုး ပြောလာကြတယ်။ ဆရာတော်ကို အကြပ်ကိုင်ပြောဆိုမှုတွေ လုပ်လာကြတယ်။
ဆရာတော်က ပြဿနာဖြစ်တိုင်း ကျွန်တော့်ထံ ဆက်သွယ်တယ်။ ဒါကတော့ လက်ခံစရာ အကြောင်းမရှိကြောင်း၊ အတိဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ထားတာကို ဒါမျိုးလာပြောကို လုံးဝသည်းမခံသင့်ကြောင်း၊ ဆရာတော်အနေနဲ့ ပြတ်ပြတ်သားသား ပြောဖို့ လိုအပ်ကြောင်း အကြံပြု လျှောက်ထားခဲ့ပါတယ်။ ဂေါပက တွေ ပြဿနာရှာလာတာကို အဲဒီလို ရှင်းခဲ့ရပါတယ်။
နောက်တော့ ဆရာတော့်ရဲ့ ကျောင်းမှာ တန့်ဆည်မြို့က ကာပေါင်းကျ၊ ကျွန်းလည်၊ ကဘဲ ရွာတွေက အကြမ်းဖက်ဘေးရှောင်တွေ များလာသလို ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ခင်ဦးမြို့နယ် က အကြမ်းဖက်ဘေးရှောင်တွေပါ ရောက်ရှိလာပြီး လူက ၅၉၆ ယောက်အထိ လက်ခံ ထားရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ဆရာတော် လက်လှမ်းမီသမျှ အလှူခံလို့ ရတာလေးနဲ့ တပ်မတော်က ဆန်၊ ဆီ၊ ပဲ၊ အသီးအနှံတွေ ထောက်ပံ့ပေးလာတဲ့အတွက် အကြမ်းဖက်ဘေးရှောင်တွေကို လောက်ငအောင် ကျွေးမွေးထားနိုင်ခဲ့ပါတယ်။
နောက်တော့ ဆရာတော့်အနေနဲ့ ဒီလိုပဲ ရေရှည်မဖြစ်နိုင်ဘူးလို့ သိမြင်လာတဲ့အတွက် နယ်မြေခံ တပ်မတော်အရာရှိများထံ တင်ပြပြီး တိမ်းရှောင်ရောက်ရှိလာသူတွေကို ပြည်သူ့စစ်သင်တန်းပေးဖို့၊ ကိုယ့်ရပ်ကိုယ်ရွာပြန်ပြီး NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ခုခံကာကွယ်ပြီး ဒေသတည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော် ဆောင်ရွက်နေတာတွေကိုလည်း အဆက်အသွယ်မပြတ် ရှိနေတဲ့အတွက် သိခွင့်ရခဲ့ပါတယ်။ ဆရာတော်ကျောင်းဟာ အကြမ်းဖက်ဘေးရှောင်စခန်း ဖြစ်သလို ပြည်သူ့စစ်သင်တန်းပေးရာဌာန ဖြစ်လာပြန်ပါတယ်။
အဲဒီကနေမှ ပြည်သူ့စစ်သင်တန်းတက်ပြီးတဲ့ ကျွန်းလည်၊ ကဘဲ က မိသားစုတွေ ကိုယ့်ရပ်ကိုယ့်ရွာပြန် PDF အကြမ်းဖက်ဘေးအန္တရာယ်ကို ခုခံကာကွယ်ပြီး နေနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးခဲ့ပါတယ်။ အဲဒီ ရွာတွေကို စံနမူနာထားပြီး ဆရာတော်ဟာ ရွာစဉ်လှည့်လည် PDF အကြမ်းဖက်ကို အားပေးထောက်ခံခြင်းမရှိတဲ့ ပြည်သူတွေနဲ့ ပြည်သူ့စစ်ဖွဲ့စည်းပြီး ရပ်ရွာကာကွယ်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို အဆက်အသွယ် မပြတ်ရှိနေတဲ့အချိန် အမေရိကန်ကနေ အကြမ်းဖက်လုပ်ရပ်တွေအပေါ် အစဉ်တစိုက် ဝေဖန်ပြောဆိုနေတဲ့ ကိုချိုကြီး၊ ကိုရီးယားမှာ နေတဲ့ မဖွေးစိန် တို့ မြန်မာပြည် ရောက်လာတဲ့အခါ သူတို့က ဆရာတော်ဆီ သွားချင်တယ်လို့ ပြောလာကြပါတယ်။ ကျွန်တော် သတင်းသမား၊ မြေပြင်အခြေအနေမှန်ကို သိအောင် သွားသင့်ပါလျှက် မသွားနိုင်ခဲ့ဘူး။ သူတို့က ဆန္ဒပြင်းပြနေတဲ့အခါ ငါက ပိုသွားသင့်တဲ့သူ။ သူတို့မှ သွားချင်ရင် ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ပြီး ဆရာတော်ထံ ဆက်သွယ်ခဲ့ပါတယ်။ ဆရာတော်ကလည်း ရွှေဘိုအထိ ပြည်သူ့စစ်အဖွဲ့နဲ့ လာကြိုမယ်လို့ မိန့်ကြားပါတယ်။
လမ်းခရီးတလျှောက် PDF အကြမ်းဖက်သမားတွေရဲ့ အခြေအနေကိုလည်း စနည်းနာခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့က ရက်အကြာကြီး နေမှာမဟုတ်တဲ့အခါကြတော့ ရွှေဘို ကို ဆရာတော့်ကျောင်းမှာ ရှိတဲ့ ပြည်သူ့စစ်အဖွဲ့က လာကြိုတယ်။ ဆရာတော့်ကျောင်းကို ရောက်တာနဲ့ ဆရာတော်က ကျောင်းမှာရှိနေတဲ့ အကြမ်းဖက်ဘေးရှောင်မိသားစုတွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို မိတ်ဆက်စကားပြော၊ ပြောပြီးတာနဲ့ ကျွန်းလည်ရွာ၊ ကဘဲရွာတွေကို သွားပြီး တွေ့ဆုံမိတ်ဆက် အားပေးစကားပြော ခရီးရောက်မဆိုက် စီစဉ်ပေးခဲ့ပါတယ်။ ရောက်တဲ့နေ့မှာပဲ မှော်တော်၊ ကျွန်းလည်၊ ကဘဲ၊ ညောင်ပင်ကြီး ရွာ(၄)ရွာ လှည့်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို အားမပေးကြဖို့၊ အကြမ်းဖက်အန္တရာယ်ကို ပူးပေါင်းကာကွယ်ကြဖို့ (၄)ပွဲ ဟောခဲ့ကြရပါတယ်။ ည ပြန်ရောက်တဲ့အခါ ကိုချိုကြီးက ဆရာတော်နဲ့ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း တို့ကို အင်တာဗျူး ရတဲ့အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့ကြပါတယ်။ မဖွေးစိန်လည်း တော်တော်လေး ပင်ပန်းသွားပါတယ်။ နောက်နေ့တော့ မဖွေးစိန် ကိုယ်လက်တွေ ညောင်းညာနေလို့ မခေါ်တော့ဘဲ ကိုချိုကြီးနဲ့ ကျွန်တော် ဆရာတော်တို့အဖွဲ့တွေနဲ့ ခရီးဆက်ခဲ့ပါတယ်။
ကန့်ဘလူမြို့နယ်၊ တောက်ကရှပ်ရွာ ဆရာတော်ဦးပညာသာမိ က ဆရာတော်ဦးဝါသဝ နဲ့ လက်တွဲဆောင်ရွက်နေတာကို တွေ့မြင်ရသလို တောက်ကရှပ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားကောင်းကောင်းနဲ့ ကာကွယ်ပေးနေပြီး ကျောင်းဖွင့်နိုင်တဲ့ အခြေအနေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ကိုချိုကြီးက အားပေးစကားပြော၊ ဆရာတော်ဦးပညာသာမိသာ အလှူငွေ လှူဒါန်းပြီး ကျောင်းသား/ကျောင်းသူများကိုလည်း အားပေးစကား ပြောခွင့် ရခဲ့ပါတယ်။ အဲဒီကနေ တန့်ဆည်မြို့နယ်၊ ကျွန်းလည်၊ ကဘဲ၊ မူးခွ စာသင်ကျောင်းတွေကို ထပ်မံသွားရောက်ပြီး ကျေးရွာအခြေအနေတွေ၊ လိုအပ်ချက်တွေကို မေးမြန်းခွင့် ရခဲ့ပါတယ်။ အပြန်လမ်းမှာ ဟောပြောဖို့ တစ်ရွာစီစဉ်ထားပါသတဲ့။ စာသင်ကျောင်းမဖွင့်နိုင်သေးတဲ့ အင်ဘတ်တောကျေးရွာပါ။ ဆရာတော်က အားနဲ့မာန်နဲ့ ဟောပြောပြီး ကိုချိုကြီးကို ဟောပြောခိုင်းပါတယ်။ ကိုချိုကြီး ပြီးပြန်တော့ ကျွန်တော့်ကိုလည်း ဟောပါအုံးဆိုလို့ အင်ဘတ်တောမှာ ကိုယ့်ဘဝအခြေအနေ၊ ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေနဲ့ ရွာသူ/ရွာသား မိဘပြည်သူများကို ဆွေးနွေးတင်ပြနိုင်ခဲ့ပါတယ်။
နောက်ပိုင်းဆရာတော်ထံက ကြားသိရတဲ့သတင်းတွေအရ ပြည်သူ့စစ်အင်အား အကောင်းဆုံး ရွာဟာ အင်ဘတ်တောရွာလို့ သိရတဲ့အတွက် ဆွေးနွေးပြောဆိုခဲ့ရကျိုး နပ်ပါတယ်လို့ ကျေနပ်မိပါတယ်။
တကယ်တော့ ဆရာတော်ဟာ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာဇာတိ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဇာတိရွာမှာ ဆရာတော်ရဲ့ နောင်တော်ကြီးတွေ ကိုယ်တိုင်က အကြမ်းဖက်အားပေးဖြစ်နေခဲ့တဲ့အတွက် သူ့ရွာကိုလည်း ပြန်လည်စည်းရုံးခဲ့ရပါသေးတယ်။ အကြမ်းဖက်အားပေးလုပ်ရပ်တွေ မလုပ်ကြဖို့ ခပ်ကြမ်းကြမ်းစည်းရုံးခဲ့ရတဲ့ အခြေအနေတွေကို ဆရာတော်နဲ့ ရွာစဉ်လှည့်လည်ပြီး သွားရင်း ဆရာတော် ရှင်းပြလို့ သိခဲ့ရပါတယ်။ ကိုချိုကြီး က ဆရာတော်လုပ်နေတာတွေကို အားကျလွန်းလို့ ချီးမွမ်းမဆုံးပါဘူး။ အခြေအနေပေးရင် ဆရာတော်ရဲ့ ညာလက်ရုံးအနေနဲ့ လာလုပ်ပေးချင်ပါတယ်လို့ လျှောက်ထားပါတယ်။ ဆရာတော်ကလည်း မပြန်ဘဲ နေဖို့ မိန့်ပါတယ်။
ကျွန်တော်တို့တွေ ကျောင်းပြန်မရောက်ခင်ဘဲ သတင်းက ရနေပါပြီ။ PDF အကြမ်းဖက်သမားတစ်ဦး ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းမိထားပြီ။ ကျောင်းမှာပဲ ခဏထိန်းထားပါတယ်။ စစ်ဆေးချင်ရင် စစ်ဆေးလို့ ဆရာတော်က ခွင့်ပြုပေမယ့် မလုပ်ခဲ့ပါဘူး။ ကိုချိုကြီးကတော့ အနည်းငယ် စစ်ဆေးမေမြန်းလုပ်ခဲ့ပါသေးတယ်။ သူ့အစ်ကိုက PDF ခေါင်းဆောင် သူက ထောက်ပို့ပေါ့။
အဲဒီနေ့ ညနေ ဆရာတော်၊ ကိုချိုကြီး၊ ကျွန်တော် (၃)ဦး စကားဝိုင်းဖွဲ့ ဆွေးနွေးပြောဆို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စကားဝိုင်းကို မှတ်တမ်းတင်ပေးတဲ့ အစ်ကိုက ဆရာတော်ကို ဘယ်လိုတင်စား ပြောဆိုသလဲဆိုရင် "ဆရာတော်ဟာ ကျွန်တော်တို့အတွက်တော့ ဒုတိယမြိုင်ကြီးငူဆရာတော်ပဲ။ ဆရာတော်သာ မကယ်တင်ရင် ဒီလူတွေ အားလုံးဟာ သေလူတွေချည်းပဲ" လို့ ပြောပါတယ်။ သူပြောတဲ့ ခေါင်းစဉ်လေးနဲ့ "ဒုတိယမြိုင်ကြီးငူဆရာတော် (သို့မဟုတ်) ဦးဝါသဝ" လို့ ခရီးစဉ်က ပြန်လာအပြီးမှာ ကျွန်တော် ရေးသားတင်ပြခဲ့ဖူးပါတယ်။
ဆရာတော်က စကားပြောလည်း မြန်တယ်၊ စကားပြောလည်း သွက်တယ်၊ ဥပမာ ပေး အရွှန်းဖောက်တာတွေလည်း ကောင်းတယ်။ ကိုချိုကြီး က ဆရာတော်စကားပြောတာကိုလည်း သဘောကျလွန်းလို့။ ကားနဲ့ ရွာစဉ်လှည့်ရင်း ဆရာတော်က "ကိုချိုကြီး ကျုပ်က ခြောက်ပုလင်းကိုယ်တော် ဖြစ်နေပြီဗျ" တဲ့။ ကိုချိုကြီးရော ကျွန်တော်ပါ ကြောင်သွားပါတယ်။ ဘာလဲ ခြောက်ပုလင်းကိုယ်တော်ဆိုတာ ဘာလဲ ဘုရား ဆိုတော့ ဆရာတော်က "ခြောက်ပုလင်း ဆိုတာ တစ်ဂါလံ မဟုတ်လား။ အခုလည်း ကျုပ်ဟာ လှူချင်တန်းချင်တဲ့သူ မရှိ ဒကာလန် ကိုယ်တော် ဖြစ်နေပြီလေဗျာ။" လို့ ရှင်းလင်းမိန့်ကြားပါတယ်။ လမ်းခရီးသွားရင်း ဆရာတော် မိုင်းဆွဲခံရတဲ့ နေရာကိုလည်း ပြတယ်။ ငါတို့ သွားနေရင်များ လုပ်ရင်လို့ ကြက်သီးထမိတယ်။ ဆရာတော် သွားလေရာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်ပြီး ရွာစဉ်လှည့် လိုက်ပါ စောင့်ရှောင်ပေးနေရတဲ့ မြင်ကွင်းကိုတော့ အာဖဂန်၊ အီရတ်၊ အီရန် တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအမျိုးတွေ စစ်ကိုင်းတိုင်းဒေသကြီးလို နေရာမျိုးမှာ လာဖြစ်နေတာပါလားလို့ မှတ်ချက်ချမိတယ်။
ဆရာတော်ရဲ့ ဇာတိ မူးခွကျေးရွာက ဘာသာရေးအားကောင်းတယ်။ သင်္ကြန်တွင်း ပဋ္ဌာန်းရွတ်တာကို PDF က ဒရုန်းနဲ့ ဗုံးလာချလို့ ပြည်သူ့စစ်တွေက လိုက်တွယ်ခဲ့ရတယ်။ ရွာပတ်ပတ်လည် ပြည်သူ့စစ်အစောင့်ချထားပြီး ရွာထဲမှာ ရေကစားမဏ္ဍပ်ထိုး ရေကစားခိုင်းတယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးတယ်။ အဲဒီလို လုပ်ခဲ့ရတဲ့ မှတ်တမ်းတွေကိုလည်း ရင်သပ်ရှုမော တွေ့ခဲ့ရတယ်။ ဓမ္မစကူးလ်ကျောင်းသား (၅၀၀)ဝန်းကျင် အထိ ရှိတယ်။ ရွာနီးချုပ်စမှာ PDF တွေ လာထောင်ထားတဲ့ မိုင်းတွေကိုလည်း ရွာမှာ ရှိတဲ့ ပြည်သူ့စစ်တွေကလည်း ရှင်းလင်းဖယ်ရှားထားတာတွေကိုလည်း မြင်ခဲ့ရပါတယ်။ တကယ်တော့ ဆရာတော်ဟာ အကြမ်းဖက်ဘေးအန္တရာယ်ကြုံတွေ့နေရသူတွေကိုသာ ကယ်တင်ခြင်း မဟုတ်ပါဘူး။ အကြမ်းဖက် လှုပ်ရှားမှုမှာ ပါဝင်နေသူတွေကိုလည်း ဖမ်းဆီးရမိတဲ့အခါ ဖြောင်းဖျ ပြောဆိုပြီး ကယ်တင်ခဲ့တာတွေ ရှိခဲ့ပါတယ်။
PDF အကြမ်းဖက်သမားတွေအနေနဲ့ သံဃာတော်တွေအပေါ် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်လာတာတွေနဲ့ ပတ်သက်လို့တော့ ဆရာတော် သံဃာတော်များ၊ အားလုံး ညီညီညွတ်ညွတ်နဲ့ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးမှာ လက်တွဲဆောင်ရွက်ကြဖို့ လျှောက်ထားတင်ပြခဲ့ပါတယ်။ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေအတွက်သာ ဆရာတော် ဆောင်ရွက်ပေးနေခြင်း မဟုတ်ပါဘူး။ ခင်ဦး၊ ရွှေဘို အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်ဘေးအန္တရာယ် ရှိနေတဲ့ မည်သည့်ဒေသကမဆို ဆက်သွယ်အကူအညီတောင်းခံလာရင် သူလက်လှမ်းမီသမျှ တင်ပြပြီး ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့က ၂ရက်တာ သွားရောက်ပြီး မှတ်တမ်းယူခဲ့တာပါ။ ဆရာတော် က (၂)နှစ်တာ ကာလတလျှောက် အကြမ်းဖက်ဘေးအန္တကြုံတွေ့ခဲ့ရသူတွေကို ကယ်တင်စောင့်ရှောက်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အခုထိလည်း ပြည်သူ့စစ်မဖွဲ့စည်းနိုင်သေးတဲ့ ရွာတွေကို လှည့်လည်ပြီး အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး၊ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးနေတုန်းပါပဲ။ ဖွဲ့စည်းပြီးတဲ့ ပြည်သူ့စစ်အဖွဲ့တွေ လက်နက်၊ ရိက္ခာရရှိရေးအတွက်လည်း သူကလည်း တာဝန်ခံပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ပေးပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အသက်ကို ပဓာနမထားဘဲ အများအကျိုးအတွက် ဆောင်ရွက်နေသော ဆရာတော်ဖြစ်ပါတယ်။ ဆရာတော့်ကို ကျောင်းမှာ တိမ်းရှောင်ရောက်ရှိနေကြသူတွေက ငါးရာငါးဆယ်တပ်မှူးကြီး လို့ တင်စားပြောဆိုကြပါတယ်။
ဒီကနေ့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နိုင်ငံတော်က ဂုဏ်ပြုဆုတွေ ချီးမြှင့်တဲ့အထဲမှာ ငါးရာငါးဆယ် တပ်မှူးကြီး ဆရာတော်ဦးဝါသဝ ကို လူမှုထူးချွန်း ပထမဆု ချီးမြှင့်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် နိုင်ငံတော်က အသိအမှတ်ပြုပေးတဲ့အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ နိုင်ငံတော်အကြီးအကဲများကို ကျေးဇူးတင်မိပါတယ်။ ဆရာတော်အနေနဲ့ အသက်ကို ပဓာနမထား အများအကျိုးအတွက် ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်မှုတွေအတွက် ထာဝရ ဦးညွတ်ဂုဏ်ပြုလျှက်ပါ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment