မြိတ်မြို့ သီတဂူဇီဝိတဒါန၊ စက္ခုဒါနဆေးရုံဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့ သီတဂူဇီဝိတဒါန၊ စက္ခုဒါနဆေးရုံဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊ နိုဝင်ဘာ ၁၇       

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သီတဂူဇီဝိတဒါန၊ စက္ခုဒါနဆေးရုံတော် ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံတော်၌ ပြုလုပ်ရာ ကမ္ဘာ့ သာသနာပြုသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက သီတဂူ ဇီဝိတဒါန၊ စက္ခုဒါန ဆေးရုံတော်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သီတဂူဆရာတော် ကြီးက ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။


ထို့နောက် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး သံဃာ့ နာယကအဖွဲ့ ဉက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ က သီတဂူဇီဝိတဒါန၊ စက္ခုဒါနဆေးရုံတော်ဖြစ်ပေါ်လာရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးက သီတဂူဆရာတော်ကြီးထံ ဂါရဝပြု ကျေးဇူးတင်လွှာ ဆက်ကပ်ခြင်းနှင့် သီတဂူဆရာတော်ကြီးမှ ဆေးရုံတော်စီမံရှောက်ရှောက်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ထံ ဆေးရုံတော်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ် ခြင်းများကို ဆောင်ရွက်ကြပြီးနောက် ဆေးရုံတော် စီမံစောင့်ရှောက်ရေး ဉက္ကဋ္ဌက ကျေးဇူးတင်စကား လျှောက်ထားတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သီတဂူဆရာတော်ကြီးက ဆေးရုံတော်ဖြစ် မြောက်ရေး အလှူတော်ငွေများ ပါဝင်လှူဒါန်းကြသော အလှူရှင်များနှင့် ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမော်ကွန်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ဩဝါဒအနုမော ဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ခွဲစိတ်ကုသမှုခံယူ ကြမည့် ဒေသခံပြည်သူများအား မျက်စိအထူးကု ပါရဂူကြီးများနျင့် ကျန်းမာရေးဝန် ထမ်းများက မျက်စိခွဲစိတ် ကုသနိုင်ရေး စနစ်တကျ စစ်ဆေးနေမှုနှင့် ခွဲစိတ်ကုသပေးနေ မှုအခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)