မြန်မာနိုင်ငံတွင် လွှတ်တော်သုံးရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲစနစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် လွှတ်တော်သုံးရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲစနစ်








ကိုရွှေဦး

ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲတစ်ခုကျင်းပရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် သာတူညီမျှယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင်အခြေအနေကောင်းကိုဖန်တီးပေးရန်လိုသည်။ ထိုအခါ ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့်ကျင်းပမည်ဆိုသည်က အရေးပါသောရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။


ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ ယုံကြည်စိတ်ချရခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ခြင်းတို့သည် ရွေးကောက်ပွဲတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ဂုဏ်သိက္ခာရှိ၍ အများယုံကြည်အားထားရသည့် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရသည်။ လွှတ်တော်ရွေးကောက်ပွဲများသည် နိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ဆောင်ထင်ဟပ်လျက်ရှိပါသည်။ သို့ဖြစ်၍ နိုင်ငံများသည် ပိုမိုကောင်းမွန် ပြည့်စုံသည့် ရွေးကောက်ပွဲစနစ်များကို ပြုပြင်ပြောင်းလဲကျင့်သုံးလာကြသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံ ၁၉၃ နိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် (PRs) ကို ၁၁၁ နိုင်ငံကကျင့်သုံးပြီး ဗဟုစနစ်ကျင့်သုံးသည့် နိုင်ငံ ၇၄ နိုင်ငံနှင့် အခြားရွေးကောက်ပွဲစနစ်ကျင့်သုံးသည့် နိုင်ငံရှစ်နိုင်ငံရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ နိုင်ငံတော်တော်များများတွင် မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ် Majority Vote တွင် အားနည်းချက်များလေ့လာတွေ့ရှိရသည့်အတွက် အချိုးကျကိုယ်စားပြုစနစ်(PRs)သို့ ပြောင်းလဲကျင့်သုံးလာခဲ့ကြသည်။


အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)


အချိုးကျကိုယ်စားပြုစနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါသတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက်ယှဉ်ပြိုင်စေခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပါတီ အဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက်ခံ ရသည့်ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်ဖြစ်ပါသည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက်တင်မြှောက်ခံနိုင်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့ဆန္ဒပြုထားသောမဲသည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်းယုံကြည်ပြီး စိတ်အားထက်သန်စွာ မဲပေးခြင်းကြောင့် အလဟဿဖြစ်သောမဲအရေအတွက် နည်းပါးသွားမည်ဖြစ်ပါသည်။ မဲအလေ အလွင့်ဖြစ်မှုလည်း ပိုမိုနည်းပါးလာမည်ဖြစ်ပါသည်။ ထိုစနစ်ကြောင့် ပါတီများကို ပိုမိုတိကျစွာကိုယ်စားပြုနိုင်ခြင်း၊ ပါတီငယ်များနှင့် လူနည်းစုများကိုလည်း ကိုယ်စားပြုနိုင်ခြင်းနှင့် အများစုပါဝင်သည့် အုပ်ချုပ်ခြင်းများဖြစ်ပေါ်လာနိုင်ပါသည်။ ဥပဒေပြုအဖွဲ့များတွင်လည်း ပါတီများမှ ကိုယ်စားပြုမှုများ ပါဝင်လာမည်ဖြစ်သည်။


အချိုးကျကိုယ်စားပြုစနစ်များစွာရှိသည့်အနက် ထိုစနစ်ကိုကျင့်သုံးသောနိုင်ငံများတွင် ကျင့်သုံးသည့်ပုံစံကိုခွဲခြားကြည့်ပါလျှင် အဓိကပုံစံသုံးမျိုးခွဲခြားနိုင်ပါသည်။ ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List PR System-LPR) ပါတီ၊ အမတ်လောင်း တစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသည့်အချိုးကျကိုယ်စားပြုစနစ် (Mixed- Member Proportional System - MMP) နှင့်လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote-STV) တို့ဖြစ်ပါသည်။ အချိုးကျကိုယ်စားပြုစနစ်တွင် အဓိကအသုံးပြုပုံစံ သုံးမျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


အချိုးကျကိုယ်စားပြုစနစ် (Propor-tional Representation) အများအပြားရှိသည့်အနက် ပါတီအမည်ကိုမူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (Party List PR) စနစ်တွင် စာရင်းပိတ် (Closed List)၊ စာရင်းဖွင့် (Open List ) နှင့်စာရင်းလွတ် (Free List) ဟူ၍ပုံစံသုံးမျိုးရှိပါသည်။ စာရင်းပိတ်(Closed List) သည် ပါတီကိုဆန္ဒပြုရမည့်ပုံစံဖြစ်ပြီး ပါတီက ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းကို ဦးစားပေးအစီအစဉ်အလိုက် ပြုစုပေးရပါသည်။ မဲဆန္ဒရှင်အနေဖြင့် ကိုယ်စားလှယ်ကိုရွေးချယ်ခွင့်မရှိဘဲ ပါတီကပြုစုသောကိုယ်စားလှယ်အစီ အစဉ်ကို လက်ခံရမည်ဖြစ်သည်။ စာရင်းဖွင့် (Open List) သည် ပါတီတစ်ခုတည်းကိုသာ ရွေးချယ်ခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်လောင်းကိုပါ ရွေးချယ်နိုင်ခွင့်ရှိပါသည်။ ပါတီမှရွေးချယ်ပေးထားသော ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအစီအစဉ် တပ်ထားခြင်းမပြုဘဲ မဲဆန္ဒရှင်များက ကြိုက်နှစ်သက်သည့်ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရန်အတွက် လွယ်ကူရှင်းလင်းမှုအရ စာရင်းပိတ် (Closed List)နှင့် စာရင်းဖွင့် (Open List) စနစ်နှစ်မျိုးအနက်မှ ရွေးချယ်စဉ်းစားဆောင်ရွက်သင့်ပါသည်။


ပါတီအမည်ကိုမူတည်သည့် အချိုးကျကိုယ်စားပြုစနစ် (Party List PRs)


ပါတီအမည်ကိုမူတည်ပြီးရွေးချယ်သည့် အချိုးကျကိုယ်စားပြုစနစ်တွင် အဓိကအသုံးပြုလျက်ရှိသည့် စနစ်သုံးမျိုးမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-


ယင်းအပြင် ပါတီနှင့်အမတ်လောင်းတစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသည့် အချိုးကျကိုယ်စားပြုစနစ်ပုံစံ (Mixed - MemberProportional System-MMP) အသုံးပြုသော နိုင်ငံများရှိသည်။ အဆိုပါပုံစံတွင် မဲဆန္ဒရှင်များသည် ပါတီအမည်ကို တစ်ကြိမ်နှင့် နှစ်သက်ရာကိုယ်စားလှယ်ကို တစ်ကြိမ်ဆန္ဒမဲပေးသည့်ပုံစံ သို့တည်းမဟုတ် နိုင်သူအကုန်ယူစနစ်(FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ်ပုံစံတစ်မျိုးမျိုးကိုအသုံးပြု၍ သတ်မှတ်အချိုးအစားအတိုင်း ကိုယ်စားလှယ်ရွေးချယ်သည့် စနစ်ပုံစံဖြစ်ပါသည်။ ယင်းအပြင် လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်ပုံစံ (Single Transferable Vote-STV)ကို အသုံးပြု သောနိုင်ငံများလည်းရှိသည်။ အဆိုပါပုံစံတွင် မဲဆန္ဒရှင်များသည် ကိုယ်စား လှယ်၏အဆင့်ကိုသတ်မှတ်ပေးပြီး ကြိုက်နှစ်သက်ရာကိုယ်စားလှယ်လောင်းကို ဦးစားပေး၍ ဆန္ဒမဲပေးရခြင်းဖြစ်ပါသည်။ ပထမဦးစားပေးမဲဝေစုရရှိသည့် ကိုယ်စားလှယ်လောင်းသည် သတ်မှတ်မဲအရေအတွက် Threshold ထက်ပိုနေပါက ရွေးချယ်ခံရပြီး အဆိုပါ Threshold ထက်ပိုသောမဲများကို မိမိနှစ်သက်သည့်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးနိုင်သော စနစ်ပုံစံဖြစ်ပါသည်။ အဆိုပါ MMP နှင့် STV ပုံစံနှစ်မျိုးသည် မဲဆန္ဒရှင်များရွေးကောက်ပွဲဆိုင်ရာ အသိပညာပြည့်ဝမှုရှိမှသာ အသုံးပြုရန်သင့်လျော်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံသားများ၏ စာတတ်မြောက်မှုအခြေအနေအရ ရှင်းလင်းလွယ်ကူသည့်ပါတီကိုသာ ရွေးချယ်ရသည့် စာရင်းပိတ် (Closed List) စနစ်ကို ရွေးချယ်ကျင့်သုံးနိုင်ရေး စဉ်းစားဆောင်ရွက်သင့်ပါသည်။


မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးသင့်သည့် အချိုးကျကိုယ်စားပြုစနစ်(PRs)


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် လေးကြိမ်တွေ့ဆုံ၍ ရွေးကောက်ပွဲစနစ်များကို ပြန်လည်လေ့လာသုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် အချိုးကျကိုယ်စားပြုစနစ် (PRs)သို့ ပြောင်းလဲကျင့်သုံးသင့်ကြောင်း သဘောတူတင်ပြခဲ့ကြပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့အလိုက် အသေးစိတ် ထပ်မံဆွေးနွေးခဲ့ကြပြီး မဲအများဆုံးရသူအနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PRs)သို့ ပြောင်းလဲကျင့်သုံးရာတွင် Closed List PR ကိုကျင့်သုံးသင့်ကြောင်း နိုင်ငံရေးပါတီများက ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ မိမိတို့နိုင်ငံနှင့် သင့်လျော်ကိုက်ညီသော Closed List စနစ်ကိုကျင့်သုံးမည်ဆိုပါလျှင်(၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပါတီများ) မဲလက်မှတ်နမူနာပုံစံ(၁)အတိုင်းဖြစ်၍ မဲပေးရာတွင်ရှင်းလင်းလွယ်ကူပါမည်။


Closed list System ကို ကျင့်သုံးမည်ဆိုပါက ပါတီအလိုက်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုဦးစားပေးအစီအစဉ်အလိုက် ကော်မရှင်သို့ တင်ပြထားရမည်။ ပါတီများမှ ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် မဲဆန္ဒနယ်မြေအတွင်း ဥပဒေများနှင့်အညီကပ်ထားနိုင်သည်။


ပါတီအလိုက် အောက်ပါကိုယ်စားလှယ်များ ရွေးကောက်ခံရပါသည်-


(A)ပါတီလွှတ်တော်ကိုယ်စားလှယ်


(၃) ဦး-ဦးအေး၊ ဦးအောင်၊ ဦးမောင်


(B) ပါတီလွှတ်တော်ကိုယ်စားလှယ်


(၂) ဦး-ဦးတင်၊ ဦးမှန်


(D) ပါတီလွှတ်တော်ကိုယ်စားလှယ်


(၂) ဦး-ဦးမျိုး၊ ဦးတိုး


တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် (၁)ဦး-ဦးဘ


PR စနစ်ကို ပြောင်းလဲကျင့်သုံးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိရန်လိုအပ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များကိုပြဋ္ဌာန်းထားရာ ရွေးကောက်ပွဲများကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခြင်းတို့သည် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ရမည့်တာဝန်များပင်ဖြစ်သည်။ ထို့ပြင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲစနစ်များ ရွေးချယ်သတ်မှတ်ခြင်း၊ မဲဆန္ဒ နယ်များသတ်မှတ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်အရ ရွေးကောက်ပွဲကော်မရှင်ကို အာဏာအပ်နှင်းထားပြီးဖြစ်ရာ အချိုးကျကိုယ်စားပြုစနစ် (PRs) ဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းကို ရွေးကောက်ပွဲကော်မရှင်ကဥပဒေနှင့်အညီ ဆောင်ရွက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်မှုမရှိကြောင်း လေ့လာတွေ့ရှိရပါသည်။


အချိုးကျကိုယ်စားပြုစနစ်(PRs)ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀၊ ပုဒ်မ ၁၂၁၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၅၃၊ ပုဒ်မ ၁၆၉၊ ပုဒ်မ ၁၇၀ စသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများပြောင်းလဲမှုမရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ (က)အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ ပုဒ်မ ၃၆၉ (က) အရ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိပါသည်။


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ အောက်ဖော်ပြပါအရည်အချင်း တစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသားများ ဖြစ်ကြသည်-


(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ၊


(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ ဟု ပြဋ္ဌာန်းထားသဖြင့်ဥပဒေပြဋ္ဌာန်းချက်ပါ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ညီညွတ်မှုမရှိသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပါ။ အချိုးကျကိုယ်စားပြု (Closed List) စနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုပါတီများ ယင်းတို့ကို ထောက်ခံသည့်ဆန္ဒမဲများအရ အချိုးအစားအလိုက် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။


ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို မဲအများဆုံးရသူအနိုင်ရသည့် FPTP စနစ်ဖြင့် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း၏ ထောက်ခံမဲ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိသောပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅၈ ရာခိုင်နှုန်းရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စုစုပေါင်း၏ ထောက်ခံမဲ ၅၇ ဒသမ ၂ ရာခိုင်နှုန်းရရှိသောပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်တွင်နေရာရရှိခဲ့ပြီး လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးမှုများဖြစ်ခဲ့ရသည်။ ထိုအခါ လုပ်သင့်လုပ်ထိုက်သော ဥပဒေပြုခြင်း၊ ဥပဒေများ ပြင်ဆင်ခြင်းနှင့် နိုင်ငံ့အကျိုးရှေးရှုသောအဆိုများတင်သွင်းခြင်းတို့တွင် မိမိတို့ ပါတီအသာစီးရလိုမှုများကြောင့် လွှတ်တော်များအတွင်းပွတ်တိုက်မှု များစွာဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးများ နစ်နာခဲ့ရသည်မှာ ငြင်းဆိုမရသည့်အကြောင်း တရားများဖြစ်ရာ သင်ခန်းစာယူရမည်ဖြစ်ပါသည်။


မည်သည့်ရွေးကောက်ပွဲစနစ်မျိုးတွင်မဆို ကျင့်သုံးဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ ရှိကြစမြဲပင်ဖြစ်ပါသည်။ ယခုအချိန်ကာလသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသည့်အချိန်အခါပင်ဖြစ်ပါသည်။ တစ်မဲသာအနိုင်ရသည့်ရွေးကောက်ပွဲစနစ် (FPTP)ကြောင့် တစ်ပါတီအာဏာကြီးစိုးသည့် လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ အုပ်ချုပ်မှုနှင့် ဥပဒေပြုရေးကဏ္ဍများတွင် တစ်ပါတီအာဏာရှင်ကဲ့သို့ဖြစ်ပေါ်ခဲ့ရခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေ၏အနှစ်သာရများမဟုတ်ခဲ့ပေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရမှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေးပင်ဖြစ်သည်။ နိုင်ငံတော်ကိုပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်နိုင် ရေးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများပင်ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လွှတ်တော်သုံးရပ်လုံးတွင် ရွေးကောက်ပွဲစနစ်များကို ပြောင်းလဲဆောင်ရွက်သင့်ကြောင်း တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၏အနှစ်သာရလည်းဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်ရေးအတွက် တိုင်းရင်းသားလူမျိုးစုပါတီများ ယင်းတို့ကို ထောက်ခံသောဆန္ဒမဲများအရ အချိုးကျပါဝင်ခွင့်ရရှိနိုင်သည့် အချိုးကျကိုယ်စားပြုစနစ်(PRs)ကို လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြောင်းလဲဆောင်ရွက် သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။      ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)