အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၁၉၉၁ ခုနှစ်ကစပြီး နှစ်စဉ်နိုဝင်ဘာလ (၂၅)ရက်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့ (Elimination of Violenceagainst Women Day) (ဖဲကြိုးဖြူနေ့)ကို ကျင်းပခဲ့ကြပါကြောင်း၊ ဖဲကြိုးဖြူကို တပ်ဆင်ရခြင်း အဓိပ္ပာယ်သည်  အမျိုးသမီးတွေအပေါ် ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး၊ အကြမ်းဖက်မှု တွေကိုလည်း တတ်နိုင်သမျှ ကာကွယ်တားဆီးပေးမယ်လို့ ဆိုလိုခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေသကဲ့သို့ မတူညီသော အခြေအနေများ၌ မတူညီသော ပုံစံများဖြင့် ရှိနေပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုံ့ဆော်မှုများသည် အိမ်တွင်းအကြမ်းဖက်ခံရမှုအပေါ် အာရုံစိုက်လာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုအား လျော့နည်း ပပျောက်သွားစေမှာ ဖြစ်ပါကြောင်း၊ ပြဿနာဆိုသည်မှာ မဖြစ်ခင် ကြိုတင်တားဆီးနိုင်မှ ဆုံးရှုံးနစ်နာမှုမရှိမှာဖြစ်ကြောင်း၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဆိုပြီး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက် ပေးရာတွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုရှိရန် အရေးကြီးပါကြောင်း၊ သင်တန်းကျောင်း၌ စောင့်ရှောက်သူများထက် ရပ်ရွာထဲ၌ စောင့်ရှောက်ထားသည့် သူများအတွက် လုံခြုစိတ်ချမှုရှိစေရန် ရပ်ရွာ၌ရှိသည့် အုပ်ချုပ်သူများ၊ ရပ်မိ၊ ရပ်ဖများက အလေးထားပြီး ဝိုင်းဝန်းစောင့်ရှောက်ရမှာ ဖြစ်ပါကြောင်း၊ ထို့အပြင် အကြမ်းဖက်ခံရသူအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှု၊ နှစ်သိမ့်ဆွေးနွေးပေးမှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ဥပဒေရေးရာဝန်ဆောင်မှု၊ လူမှုရေးဝန်ဆောင်မှုနှင့် နားခိုရန်နေရာတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာ အချင်းချင်းချိတ်ဆက် ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများ နားခိုရန် center ကို တည်ဆောက်နိုင်ဖို့ မြေနေရာချထားပေးပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုသည် နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက် နေ့အထိသာလှုပ်ရှားမှု မဟုတ်ဘဲ အသက်ရှင်နေသည့်ကာလ တစ်‌လျှောက်လုံး အကြမ်းဖက်မှု ကင်းဝေးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး ပံ့ပိုးကူညီ ဆောင်ရွက်သွားရမှာဖြစ်ပါကြာင်း၊ ယခုနှစ်၏ဆောင်ပုဒ်ဖြစ်သော "အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး" ဆိုသကဲ့သို့ အားလုံးပူးပေါင်း ဆောင်ရွက်မှသာလျှင် ကျား၊ မ တန်းတူညီမျှမှု မြင့်တက်လာပြီး ခွဲခြားဆက်ဆံမှု ပပျောက်ကာ အကြမ်းဖက်မှုများ လျော့နည်းပပျောက်မည် ဖြစ်ပါကြောင်း” ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဆောင်းပါး ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူတစ်ဦးအား ဆုချီးမြှင့်ခဲ့ပြီး အမျိုးသမီးများ ဘဝတစ်လျောက် အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအား ကြည့်ရှု၍  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)