တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာပေပစ္စည်းများ နှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာပေပစ္စည်းများ နှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ



MNP ၊ နိုဝင်ဘာ ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ထိန်းသိမ်းထားရှိရန်တို့ အတွက် တက္ကသိုလ်မြတ်သူ မိသားစုက စာပေပစ္စည်းများနှင့် အမှတ်တရ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာပေပညာရှင်များ၊ တက္ကသိုလ်မြတ်သူနှင့် မိသားစုဝင်များ၊ ပျဉ်းမနားမြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့် အခြားဖိတ် ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက္ကသိုလ်မြတ်သူသည် ကဗျာ၊ ဝတ္ထု စသည့် ရသစာပေများ၊ သတင်းစာပညာ၊ သတင်းအချက်အလက်၊ ဂီတ၊ နိုင်ငံရေး၊ ဘာသာ ရေး၊ မြန်မာစာပေ၊ ဥပဒေ၊ လူ့အခွင့်အရေး၊ မြန်မာနိုင်ငံသမိုင်း၊ ကမ္ဘာ့သမိုင်း၊ ရွေးကောက်ပွဲနှင့် အတ္ထုပ္ပတ္တိ စသည့်စာအုပ်များစွာကို ပညာရပ်စုံလင်စွာ ရေးသားခဲ့ပြီး မကြာသေးမီကာလက ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါကြောင်း၊ အလင်္ကာကျော်စွာ စည်သူတက္ကသိုလ်မြတ်သူကကိုယ်တိုင် ရေးသားခဲ့သည့် စာအုပ်များနှင့် ဖတ်ရှုလေ့လာ စုဆောင်းခဲ့သည့် စာအုပ်စာပေများ၊ စာနယ်ဇင်းများ၊ ရရှိခဲ့သည့် ဂုဏ်ပြုမှတ်တမ်း များ၊ ဆုတံဆိပ်များ၊ ရင်ထိုးတံဆိပ်များ၊ တီးခတ်ခဲ့သည့် တူရိယာပစ္စည်းများ၊ စုဆောင်းခဲ့သည့် ဓာတ်ပြားများ၊ စီဒီများနှင့် မှတ်တမ်းဝင်ဓာတ်ပုံများကို အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်း လိုကြောင်း ဆက်သွယ်လာခဲ့သဖြင့် ဌာနမှတာဝန်ရှိသူများကို စနစ်တကျ လက်ခံဆောင်ရွက်ရန် တာဝန် ပေးအပ်ခဲ့ပါကြောင်း၊ လှူဒါန်းခဲ့သည့် စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို အသေးစိတ် စာရင်းပြုစုခြင်းလုပ်ငန်းမှစ၍ စင်တင်ခင်းကျင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြပြီး “တက္ကသိုလ်မြတ်သူ စာစုခန်း” အဖြစ် ခင်းကျင်းထားရှိပါကြောင်း၊ တက္ကသိုလ်မြတ်သူ စုဆောင်းထားရှိသည့် စာအုပ်စာပေများမှာ အကြောင်းအရာ၊ ပညာရပ်များ စုံလင်သည်ကိုတွေ့ရှိရပြီး သိမ်းဆည်းထားသည့် အမှတ်တရ ပစ္စည်းများနှင့် တူရိယာပစ္စည်းများ သည်လည်း ယနေ့ခေတ်တွင် အလွယ်တကူ ရှာဖွေ၍မရနိုင်သည့် ရှားပါးတန်ဖိုးရှိ ပစ္စည်းများ ဖြစ်သည့်အတွက် နောင်လာနောက်သားများ တွေ့မြင်လေ့လာခွင့်ရရှိပြီး အသိပညာဗဟုသုတ တိုးပွားစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တက္ကသိုလ်မြတ်သူက အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက္ကသိုလ်မြတ်သူ အား စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသူများက တက္ကသိုလ်မြတ်သူ စာစုခန်းခင်းကျင်းထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)