MNP ၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်နှင့် ရုံးအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ယခုဘဏ္ဍာနှစ်တွင် မအီမြို့အခြေစိုက် " မိဘဂုဏ်ဆောင် " ကုမ္ပဏီက ငွေကျပ်သန်း ၁၃၇.၈၈၅ ဖြင့် တင်ဒါအောင်မြင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၄)ရပ်ကွက်ရှိ စံပါယ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်း၊ ကမ်းနားလမ်း၊ ဖြတ်လမ်း(၁)ပေါ်တွင် Box Culvert (၄)စင်း တည်ဆောက်ခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ရုံးတက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ တောင်ကုတ်မြို့အခြေစိုက် တောင်ကုတ်ရတနာကုမ္ပဏီက ငွေကျပ်သန်း(၁၁၂.၇၄၈)ဖြင့် တင်ဒါအောင်မြင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၁)ရပ်ကွက်ရှိ ကန်တော်လမ်း အပိုင်း(၂) ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံ ရှေ့ဖက်၊ ဘေး(၂)ဖက်အား အုတ် သံပန်းခြံစည်းရိုးကာရံခြင်း၊ တံခါးပေါက်(၂)ခု ပြုလုပ်ခြင်းနှင့် ဆိုင်းဘုတ်(၁)ခုပြုလုပ်ခြင်း စသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ကိုက်ညီမှု ရှိစေရေးတို့အတွက် ဖော်ပြပါ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖော်ပြပါ လုပ်ငန်းများ၌ မိဘဂုဏ်ဆောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့်လုပ်ငန်းများမှာ (၄၅)ရာခိုင်နှုန်းနှင့် တောင်ကုတ်ရတနာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများမှာ (၅၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ လာမည့် ဇန်နဝါရီလကုန်ပိုင်းလောက်တွင် လုပ်ငန်းများပြီးစီးမှုကို အပြီးသတ်ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်းနှင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဌာနမှ ဆောင်ရွက်ရန် လျာတားထားသည့် လုပ်ငန်း(၆)ခု ရှိကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost




No comments:
Post a Comment