မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံတော်၌ ရဟန်း၊ ရှင်၊ လူ ပြည်သူ(၁၄၃၄)ဦးအား အခမဲ့စမ်းသပ်စစ်ဆေးပေးပြီး(၂၅၄)ဦးအား ခွဲစိတ်ကုသအလင်းဒါန ပြုပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံတော်၌ ရဟန်း၊ ရှင်၊ လူ ပြည်သူ(၁၄၃၄)ဦးအား အခမဲ့စမ်းသပ်စစ်ဆေးပေးပြီး(၂၅၄)ဦးအား ခွဲစိတ်ကုသအလင်းဒါန ပြုပေးနိုင်ခဲ့

 



MNP - နိုဝင်ဘာ  ၂၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါနဆေးရုံတော်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်သည့် သီတဂူနယ်လည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ရဟန်း၊ ရှင်၊ လူ ပြည်သူ(၁၄၃၄)ဦး၏ မျက်စိရောဂါဝေဒနာများကို အခမဲ့စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန်လိုအပ်သည့် ဝေဒနာရှင် (၂၅၄)ဦးအား ခွဲစိတ်ကုသအလင်းဒါနပြုပေးနိုင်ခဲ့သည်။


မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်တွင် မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်စစ်ဆေး ခွဲစိပ်ပေးကုသပေးခြင်းကို ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ကိုယ်တိုင် ကြွရောက်ဦးဆောင်၍ ပြုလုပ်ပေးခဲ့ပြီး ယနေ့တွင်ခွဲစိတ်ပြီး ဝေဒနာရှင်များ ထပ်မံ စစ်ဆေးပေးခြင်း၊ ခွဲစိတ်ခန်းအတွင်း ခွဲစိတ်ပေးနေမှုအား ဆရာတော်ကြီးနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု၍ ဆရာတော်ကြီးမှ မေတ္တာပို့ ဆုတောင်းပေးပြီး အားပေးစကားများ မိန့်ကြားသည်။


အဆိုပါဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာများကို ရေတိမ်စမ်းသပ်စက် (၁)လုံး၊ ပါဝါစမ်းသပ်စက်(၁)လုံး၊ မျက်စိအခြားရောဂါ စမ်းသပ်စက်(၁)လုံးတို့ဖြင့် မျက်စိရောဂါ ဝေဒနာရှင်များအား မျက်စိရောဂါဝေဒနာများကို အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်း၊ မျက်စိအထူးကုဆရာဝန်ကြီးများမှ  စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြသည်။


ထို့အတူ ဆေးရုံခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ် ကုသပေးသည့်စက်(၃)စုံ၊ ခွဲစိတ်ကုတင်(၄)လုံးတို့ဖြင့် ခွဲစိတ်ကုသပေးခဲ့ကြပြီး နားနေအဆောင်များဖြင့် နိုဝင်ဘာ(၁၄)ရက်မှ(၂၀)ရက်အထိ အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးရာတွင် အောင်မြင်စွာဖြင့် သီတဂူဆရာတော် ဦးဆောင်သည့် သီတဂူနယ်လည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ အလင်းဒါနပြုပေးခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်နှင့်ပရဟိတ အသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


သီတဂူစက္ခုဒါနဆေးရုံများတွင်(၄၉)ရုံမြောက် ဆေးရုံဖြစ်သည့် မြိတ်မြို့ရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် (၇)ရက် သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း(၄၅၀၀)ကျော်နှင့် ဆေးရုံတော်အတွင်း တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်းသည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁)သိန်းခွဲတို့ဖြင့် တပ်ဆင်တည်ဆောက်ခဲ့ပြီး နိုဝင်ဘာ(၁၇)ရက်တွင်ဖွင့်လှစ်ခဲ့သည်။ ၎င်းအပြင် ဆေးရုံတော်ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက်လည်း သီတဂူဆရာတော်မှ အလှူတော်ငွေ ကျပ်သိန်း(၅၀၀)ထပ်မံ လှူဒါန်းပေးခဲ့သည်။


ထို့အတူ ဆေးရုံသို့ဆရာတော်ကြီး ကြွရောက်ဦးဆောင်၍ ဆေးရုံတွင်မျက်စိရောဂါ ဝေဒနာများကိုလာရောက်စမ်းသပ် စစ်ဆေးကုသမှုခံယူကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ကြိုဆိုနှုတ်ဆက်အားပေးစကားများ မိန့်ကြား၍ သီတဂူနယ်လည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ (၁၄၃၄)ဦး၏ မျက်စိရောဂါဝေဒနာများကို အခမဲ့ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး ဝေဒနာရှင်(၂၅၄)ဦးအား ခွဲစိတ်ကုသ အလင်းဒါနပြုပေးနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)