အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့လက်ရွေးစင် အားကစား မောင်မယ်များဖြစ်လာအောင် အထူးကြိုးစားသွားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့လက်ရွေးစင် အားကစား မောင်မယ်များဖြစ်လာအောင် အထူးကြိုးစားသွားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပြောကြား





MNP ၊ နိုဝင်ဘာ ၂၉

နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ သွားရောက်မယှဉ်ပြိုင်မီ သိရှိထားသင့်သည့်တားမြစ်ဆေးဝါး၊ အားကစားစိတ်ပညာနှင့်စပ်လျဉ်းသော အသိပညာများ ရရှိလာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမား ကော်မတီက “Stronger Together” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။


အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နောင်လာမည့် ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့အဆင့်အားကစား ပြိုင်ပွဲများတွင် အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့လက်ရွေးစင် အားကစား မောင်မယ်များဖြစ်လာအောင် အထူးကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမား ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အားကစားကော်မတီလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာ နိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါ်ရီရီဝင်းက အားကစားသမားဘဝအပြီး ဘဝရည် မှန်းချက်ချမှတ်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ထားဝယ်တက္ကသိုလ်စိတ်ပညာဌာန ပါမောက္ခ ဒေါက်တာမေလွင်ငြိမ်းက အားကစားစိတ်ပညာဆိုင်ရာ လေ့ကျင့်ရေးနှင့်ပညာရေး ပေါင်းစပ် ဆောင်ရွက် နိုင်မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက တားမြစ်ဆေးဝါးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစား သမားကော်မတီအတွင်းရေးမှူး ဒေါ်စိုးစိုးမြာက အားကစားကော်မတီ၏ စည်းမျဉ်းပါ အားကစားသမားတစ်ဦး၏ တာဝန်များ၊ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း ဟောပြောဆွေးနွေးပို့ချကြပြီး ညွှန်ကြားရေးမှူးချုပ်များက အားကစားကဏ္ဍနှင့် ပတ်သက်ပြီး အားကစားသမားများ သိသင့်သိထိုက် သည်များကို သိရှိနားလည်စေရန်နှင့် အသိပညာများတိုးပွားစေရန်အမှာစကား ပြောကြားကြသည်။


ယင်းနောက် တက်ရောက်လာကြသူများက အုပ်စု(၁၀)ဖွဲ့ခွဲ၍ Guiding Questions များကို အဖွဲ့ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြမှုများအပေါ် အားကစားသမားကော်မတီ အတွင်းရေးမှူး ဒေါ်စိုးစိုးမြာက အနှစ်ချုပ်ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲတွင် ဟောပြောပို့ချပေးသူများကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး အားကစားသမားများမှ တင်ပြဆွေးနွေးခဲ့သော အကြောင်းအရာများအနက်မှ ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်အလက်များကို အမြန်ဆုံးပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားပြီး  ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။


၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစား သမားများ အနေဖြင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိရေးကို မျှော်မှန်း၍ ယခုဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားသမားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစား သမားများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)