MNP - နိုဝင်ဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟိုပန်မြို့နယ်၊ ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းထွမ်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးဇူးတင်ကြောင်းပြောကြားကာ ဟိုပန်မြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်နန်းခမ်းပန်က သင်တန်းတွင်သင်ကြားပေးခဲ့သည့် ဘာသာရပ်ဆိုင်ရာများနှင့် ကျောင်းကြက်ခြေနီအသင်းအဖွဲ့များ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းတွင် သင်ကြားခဲ့သည့် ဘာသာရပ်များအလိုက် စမ်းစစ်ချက်တွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးနှင့် သင်တန်းသားများကို ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာများ အား အမှတ်တရမေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဟိုပန်မြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အထက(ဟိုပန်)နှင့် အထကခွဲ (ရွှေဝါ) ကျောင်းများရှိ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၃၄) ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment