ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ

 


MNP - အောက်တိုဘာ ၂၅


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိ‌စေရန်ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့်တိုင်းတာလေ့ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဗလငါးတန်နှင့်ပြည့်စုံမှသာ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကိုပခုံးပြောင်းထမ်းဆောင်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချင်းချင်းရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာဖလှယ်နိုင်စေရန်နှင့် ယဉ်ကျေး လိမ္မာစွာပြောဆိုဆက်ဆံတတ်ပြီး ရင်းနှီးချစ်ခင်မှုများပိုမိုတိုးပွားလာစေရန် စသည့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က Moderator အဖြစ်ဆောင်ရွက်ပြီး အ-ထ-က(၁) Grade-11 မှ မောင်မင်းဟိန်းထက်က စာရေးဆရာဘမော်သိန်းဖေ ရေးသားသည့် “အသေးအဖွဲ့လေးတွေနဲ့စိတ်ညစ်မနေပါနဲ့”  စာအုပ်ကိုဖတ်ရှုခြင်းမှ ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ အ-ထ-က(၁) Grade-11 မှ မအိအိမိုးက စာရေးဆရာပီမိုးနင်း ရေးသားသည့် “တက်လူကွ” စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ အ-ထ-က(၂) Grade-11 မှ မောင်စိုင်းဘုန်းထူးက စာရေးဆရာ Mask Man Son ရေးသားပြီး ချမ်းမြေ့ဝင်း ဘာသာပြန်ထားသည့် “ဂရုမစိုက်ခြင်းအနုပညာ” စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ အ-ထ-က(၂) Grade-11 မှ မဝင်းဝင်းရွှေက စာရေးဆရာသိုးဆောင်းရေးသားသည့် “လျှို့ဝှက်မြို့ရိုး၏နောက်ဆုံးအုပ်ချပ်”  စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ အ-ထ-က(၃) Grade-11 မှ မောင်ဇင်မင်းစိုးက စာရေးဆရာဟန်ထိန်ရေးသားသည့် “မေတ္တာသာအောင်စေသည်” စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ အ-ထ-က(၃) Grade-10 မှ မရွှန်းလဲ့ရွှေရည်ကျော်က စာရေးဆရာဖေမြင့်ရေးသားသည့် “နှလုံးသားအဟာရရသစာပေများ” စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။


ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ရောဂါအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်ဓာတ်ပုံတို့အား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)