MNP - နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံတွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းခြင်းကို နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးတိုး၊ ဆီးချို ရောဂါများကဲ့သို့သော နာတာရှည်ရောဂါများအပြင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး၊ ဖျားနာခြင်းများကဲ့သို့သော ရောဂါများကိုလည်း အခမဲ့ စမ်းသပ်ကုပေးလျက်ရှိကြောင်း အဘိုးအဘွားများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်စေရန် ရည်ရွယ်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၈ နာရီမှ ၁၀ နာရီအထိ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများအတွက် လိုအပ်သောဆေးပစ္စည်းများနှင့် အာဟာရများကို ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့်အပြင် မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း ဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment