ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်း ဆွေးနွေးပွဲ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်း ဆွေးနွေးပွဲ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ



MNP - နိုဝင်ဘာ   ၇


ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ MSME Agency မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင် ကျင်းပပေးသည့် MSMEs ဒေသထုတ်ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်းအားဖြင့် MSMEs စီးပွားရေး လုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကိုသိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းအရေအတွက်မှာ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ (၉၉%) ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်ပေးနေရခြင်းပင်ဖြစ်ကြောင်း၊ MSMEs ပြပွဲများနှင့် Talk Show စကားဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း ပြသနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုနှင့် ချိတ်ဆက်လျက်ရှိကာ တည်ငြိမ်အေးချမ်း၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေး အရ မဟာဗျူဟာကျသည့် အခြေခံကောင်းများ ပိုင်ဆိုင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမွန်သော ရေမြေသဘာဝကို အသုံးချပြီး ဒေသတွင်းလုပ်ငန်းများ အချင်းချင်း ချိတ်ဆက်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း၊ အရည်အသွေး ကောင်းမွန်သော အရသာနှင့် ခေတ်မီသော ထုတ်ပိုးမှုစနစ်များဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် MSME Agency တို့ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် MSMEs ထုတ်ကုန်များ၊ ခေတ်မီထုတ်ပိုးမှုစက်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးဦးဆောင်၍ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ SME ဌာနမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူးနှင့် သက်ဆိုင်ရာလုပ်ငန်းဌာနများမှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိ MSMEs စီးပွားရေး လုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းတစ်ခုချင်းအလိုက် လိုအပ်ချက်များအား ရင်းရင်းနှီးနှီး မေးမြန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ Agency မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မွန်းလွဲပိုင်း၌ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား၊ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်း အတွင်း MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် MSMEs ဒေသထွက်ကုန်အရောင်းပြခန်း (၁၅၂) ခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)