BBC လိမ်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

BBC လိမ်နေပြီ





စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်တွေမှာ PDFအကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့တွေကို ကျေးရွာအလိုက် တိုးချဲ့ဖွဲ့စည်းလာတာ ရှိပါတယ်။ အဓိကအားဖြင့် KIA, PDF အကြမ်းဖက်သမားတွေဟာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ပြည်သူတွေအပေါ်မှာ ရက်စက်ယုတ်မာ ရိုင်းစိုင်းလာတာကို သည်းမခံနိုင်တော့လို့ ရပ်ရွာများအတွင်း KIA, PDF အကြမ်းဖက်သမား ကပ်မလာနိုင်အောင် ရွာသူရွာသားများရဲ့ စုပေါင်းအင်အားနဲ့ ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။


ယမန်နေ့က ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စု၊ မြကန်သာကျေးရွာမှာ ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) တက်ရောက် သြဝါဒပေးခဲ့ပါတယ်။ KIA, PDF အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရိုင်းစိုင်းမှု၊ ပြည်ဖျက်မီဒီယာတွေရဲ့ မှိုင်းတိုက်မှုတွေကို ရှင်းလင်းမိန့်ကြားပြီး မိမိရပ်ရွာကို ညီညီညွတ်ညွတ်နဲ့ ကာကွယ်ကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ မြန်မာနေရှင်နယ်ပို့စ် မှာ ဆရာတော်ရဲ့ သြဝါဒ တစ်စိတ်တစ်ဒေသနဲ့ ပြည်သူ့စစ်သင်တန်းဆင်းပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။


၄-၁၂-၂၀၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့စစ်သင်တန်းဆင်းမှတ်တမ်း ဓာတ်ပုံများထဲက ဓာတ်ပုံတစ်ပုံကို ရယူအသုံးပြုပြီး ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ကျွန်းလှ၊ ကန့်ဘလူနယ်ဒေသတွေမှာ ရပ်ရွာလုံခြုံရေးဆိုကာ ဖိအားပေးစစ်သင်တန်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေပြော"  ဆိုပြီး လုပ်ကြံဖန်တီး ရေးသားဖော်ပြလာတာကို တွေ့ရပါတယ်။ ပြည်ဖျက်မီဒီယာတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နေတဲ့ BBC သတင်းဌာနအနေနဲ့ NLD အစွန်းရောက်တွေနဲ့ ဆက်သွယ်ပြီး အခုလို ရေးသားဖော်ပြခြင်း ဖြစ်နိုင်ပါတယ်။ BBC သတင်းဌာန အပါအဝင် VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now အစရှိတဲ့ သတင်းဌာနတွေဟာ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့အစည်းမျိုးစုံရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အစဉ်သဖြင့် အားပေးအားမြှောက် ရေးသားလှုံ့ဆော်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။


BBC သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ "စစ်ကိုင်းတိုင်းအထက်ပိုင်းက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ‌ဒေသအခေါ်ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကိုမဖြစ်မနေစစ်သင်တန်းတက်ရောက်ခိုင်းတာတွေရှိနေတယ်လို့ ပြောလာပါတယ်။ "တစ်မိသားစုကို တစ်ယောက်နှုန်းတက်ရမယ်လို့ပြောတယ်၊ တချို့ကျ မဲနှိုက်ရပြီး ကျတဲ့အိမ်က တက်ပေါ့။ အဲ့လိုတွေမတက်ချင်ရင် လစဉ် ပိုက်ဆံသောင်းဂဏန်းပေးရတယ်။ အသက်သိပ်ကြီးသူတွေကလွဲပြီး အမျိုးသားရော အမျိုးသမီးတွေပါ တက်ရတယ်။ ပျူစောထီးမှာ စိတ်ဆန္ဒအရပါနေသူတွေရှိသလို အခုလိုဖိအားပေးလို့ ဝင်နေရတဲ့သူတွေလည်းရှိနေတယ်" လို့ ‌ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။ ဒီလို ဖိအားပေးသင်တန်းတက်ခိုင်းမှုတွေကြောင့် ကျွန်းလှနဲ့ ကန့်ဘလူက ကျေးရွာအများစုမှာ ရွာအလိုက် ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး) အဖွဲ့တွေရှိလာတယ်လို့ ကန့်ဘလူဒေသကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။" 


BBC သတင်းဌာနက ဆက်သွယ်မေးမြန်းထားတဲ့ ကန့်ဘလူဒေသကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦး ဆိုတာကတော့ PDF အကြမ်းဖက်သမားကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ နာမည်ပေး ကင်ပွန်းတပ်တော့ အလွန်ကောင်းပါတယ်။ PDF အမည်ခံထားတဲ့ ဒေသကာကွယ်ရေးတပ်ဆိုတာတွေဟာ ဒေသကို မကာကွယ်ဘဲ ဒေသခံပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့်ပြီး ဂုပ်သွေးစုပ် ရက်စက်ယုတ်မာနေတာတွေကိုတော့ BBC လို သတင်းဌာနမျိုးက ဖော်ပြမှာ မဟုတ်ပါဘူး။ PDF တွေ ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းသလဲ ဆိုတာ တမူးမြို့မှာ ဆရာမဒေါ်အေးမာထွန်း ကို လမ်းမအလယ်မှာ ဝိုင်းဝန်း အနိုင်ကျင့် နှိပ်စက်ပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်လိုက်တဲ့ ဖြစ်ရပ်က ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ အဲဒီလို PDF အစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်လို့ BBC သတင်းဌာန အပါအဝင် VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now အစရှိတဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဘာများ ဖော်ပြထားတာ တွေ့ရပါသလဲ။ လုံးဝ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါကတော့ ပြည်ဖျက်မီဒီယာတွေအနေနဲ့ တိုင်းဖျက်ပြည်ဖျက် လုပ်နေတဲ့ PDF အကြမ်းဖက်သမားများရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကို ဖုံးဖိကာကွယ်ပေးထားခြင်းပဲဖြစ်ပါတယ်။


BBC သတင်းဌာနရဲ့ ရေးသားဖော်ပြမှုမှာ "ကန့်ဘလူနဲ့ ကျွန်းလှနယ်အစပ်မှာတော့  မနေ့ ဒီဇင်ဘာ ၃ရက်က ချောင်းကြားရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်‌ရောက်မီးရှို့တာရှိခဲ့သလို လက်နက်ကြီးကြောင့်ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေအပြောအရ ဒီလိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးသွားလာတဲ့ ဖြစ်စဉ်တွေမှာ ပျူစောထီးတွေပါဝင်တာရှိတယ်လို့ပြောကြပြီး အခုလိုစစ်သင်တန်းတက်ရောက်ရသူတွေပါဝင်မှုရှိ ၊မရှိကိုတော့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ စစ်ကောင်စီစစ်ကြောင်းတွေမှာ ပျူစောထီးတွေပါဝင်တယ်ဆိုတဲ့‌ ဒေသခံအချို့ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့လည်း စစ်ကောင်စီကိုမေးမြန်းဖို့ကြိုးစားနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ပျူစောထီးဆိုတာမရှိဘဲ ပြည်သူ့စစ်ဖွဲ့စည်းတာတွေရှိတယ်လို့သာ ကနဦး‌အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားပါတယ်။" လို့ ရေးသားဖော်ပြထားပါတယ်။


BBC သတင်းရဲ့ ရေးသားဖော်ပြချက်မှာ ပါရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီး ဆိုတာတွေဟာ သူတို့ ဖန်တီးသုံးစွဲထားတဲ့ အမည်တွေပဲ ဖြစ်ပါတယ်။ သူတို့လိုလားတဲ့ PDF ကိုတော့ ပြည်သူ့ကာကွယ်ရေးလို့ အမည်ပေးပြီး အမည်နဲ့ မလိုက်အောင် ပြည်သူအပေါ် ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကိုတော့ ပြည်ဖျက်မီဒီယာတွေဟာ တညီတညွတ်တည်း ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။


၄-၁၂-၂၀၂၂ ရက်နေ့က ကျင်းပတဲ့ မြကန်သာကျေးရွာ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာတောင် ဆရာတော်ဦးဝါသဝ က တမူးမြို့မှာ ဆရာမလေးကို PDF အကြမ်းအဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့ဖြစ်နဲ့ ပတ်သက်လို့ ဘယ်လိုမှ တောင်းပန်လို့ မရကြောင်း၊ လမ်းမပေါ်မှာ နှိပ်စက်ကလူပြုပြီး သတ်ဖြတ်လိုက်ကြောင်း၊ ပြည်ဖျက်မီဒီယာတွေမှာ မဟုတ်မမှန် ရေးသားဖော်ပြမှုများ ပြုလုပ်နေကြောင်း၊ လေလှိုင်းပေါ်က လူသတ်သမားများဖြစ်ကြောင်း မိန့်ကြားသွားပါသေးတယ်။ 


ပြည်ဖျက်မီဒီယာတွေနဲ့ အစွန်းရောက် အကြမ်းဖက် PDF တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုင်းပြည်အတွက် များစွာ နစ်နာဆုံးရှုံးခဲ့ရပါပြီ။ ယမန်နေ့က သတင်းထုတ်ပြန်ချက်မှာပဲ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၅၁၃ လုံး၊ မကွေးတိုင်း ဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 


KIA, PDF တွေဟာ တော်လှန်ရေးသတ္တိနဲ့ တပ်မတော်ကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲသလားဆိုတော့  မတိုက်ရဲပါဘူး။ လက်နက်ကိုင်ပြီး ရပ်ရွာတွေမှာ မင်းမူနေတယ်။ နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် တပ်မတော်စစ်ကြောင်း လာပြီဆိုရင် ကျေးရွာတွေကို မီးရှို့ပြီး ထွက်ပြေးပါတယ်။ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ရွာသူရွာသားတွေကို ဒလန်လို့ ခေါင်းစဉ်တပ်ပြီး ရက်စက်စွာ သတ်ဖြတ်တဲ့ အမှုပေါင်းကလည်း မနည်းတော့ပါဘူး။ ဒီလို အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့ ပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်လာရတဲ့ အခြေအနေဖြစ်ပါတယ်။


ဆရာတော်ဦးဝါသဝ နဲ့အတူ ကန့်ဘလူမြို့နယ်၊ အင်ဘတ်တောကျေးရွာမှာ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး၊ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး အတူဟောပြောပေးခဲ့ဖူးပါတယ်။ ဆရာတော် မိန့်ကြားတာကတော့ ဥပဒေဘောင်အတွင်းမှာ နေကြမလား၊ အကြမ်းဖက်ဘက်ကနေကြမလား။ အိမ်တစ်လုံးဖြစ်ဖို့ မလွယ်သလို ရွာတစ်ရွာတည်ဖို့လည်း မလွယ်ဘူး။ ရွာထဲမှာ အစွန်းရောက် အကြမ်းဖက်တွေ ရှိနေမယ်ဆိုရင် ရွာနာတယ်။ ကျေးရွာပျက်စီးမယ်။ တော်လှန်ရေးလုပ်ချင်သလား။ အပြင်ထွက်လုပ်။ မတားပါဘူး။ နီနီ စိမ်းစိမ်း ရွာနာအောင် လုပ်မယ့်သူကို ရွာထဲမှာ မထားကြနဲ့။ ညီညီညွတ်ညွတ်နဲ့ မိမိတို့ရပ်ရွာကို KIA, PDF အကြမ်းဖက်သမားများ ဝင်ရောက်မဖျက်ဆီးနိုင်စေဖို့ ပြည်သူ့စစ်ဖွဲ့စည်းရခြင်းပဲ ဖြစ်ပါတယ်။ အဲဒီရွာမှာ စာရေးသူအနေနဲ့လည်း ဆရာတော်က တိုက်တွန်းလို့ အနည်းငယ် ပါဝင်ဟောပြောပေးခဲ့ပါတယ်။


ဒီမိုကရေစီစနစ် စပါပြီဆိုကတည်းက မတူညီတဲ့ ပါတီအမျိုးမျိုး ရှိမယ်၊ မိမိကြိုက်နှစ်သက်ရာပါတီကို အားပေးထောက်ခံမယ်၊ ဒါဟာ မိမိတို့ အခွင့်အရေးပဲ၊ အခု NLD တွေက ဒီမိုကရေစီလိုလားသူတွေပါလို့ အော်ပြီး သူတို့အာပေးထောက်ခံတဲ့ ပါတီကို တခြားသူတွေက အားမပေးတာနဲ့ပဲ လိုက်ပြီး သတ်ဖြတ်တယ်ဆိုတာက ဒီမိုကရေစီ မဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်းဆွေးနွေး ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီအော်ပြီး ဒီမိုကရေစီစံနှုန်းတွေကို လေးစားရကောင်းမှန်း မသိတဲ့ သူတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်လာတော့တာပါပဲ။ 


BBC ကတော့ဖြင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လိမ်ညာဖုံးကွယ်ပြီး ပြည်သူ့စစ်ကို ဖိအားပေးဖွဲ့စည်းနေသယောင် ရေးသားဖော်ပြလာပါတယ်။ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေသာ ပြည်သူအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေ မရှိဘူးဆိုရင် ဆရာမဒေါ်အေးမာထွန်းလို ဆရာ/ဆရာမတွေ သတ်ဖြတ်ခံရမှာ မဟုတ်ပါဘူး။ ထို့အတူ ဆရာတော်သံဃာတော်တွေလည်း သတ်ဖြတ်ခံရမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီစံနှုန်းတွေကို တကယ်ပဲ လေးစားတယ်ဆိုရင် အခြားသော ပါတီအဖွဲ့အစည်းဝင်တွေကိုလည်း သတ်ဖြတ်နေစရာ အကြောင်းမရှိပါဘူး။ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များဟာ ပြည်သူ့ကာကွယ်ရေးအမည်ခံပြီး ပြည်သူအပေါ် ရက်စက်ယုတ်မာ ရိုင်းစိုင်းလွန်းမက ရိုင်းစိုင်းလွန်းလာတဲ့အတွက် ပြည်သူ့စစ်ဆိုတာတွေ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း သိစေအပ်ပါတယ်။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)