ရခိုင်ပြည်နယ်၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP  -  ဒီဇင်ဘာ ၂၄

    ရခိုင်ပြည်နယ်၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


    ညှိနှိုင်းအစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကော်မတီမှချမှတ်ထားသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာပြီဖြစ်သည့်အတွက် ပြည်တွင်းမှ ခေတ္တနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လတ်တလောကာလအတွင်း  မြေပုံမြို့နယ်၊ အမ်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်များမှ ခေတ္တနေ ရပ်စွန့်ခွာခဲ့ကြသည့် တိုင်းရင်းသားပြည်သူများအား ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ​မြေပုံမြို့နယ်တွင်  အိမ်ထောင်စု (၇၉)စု၊ လူဦးရေ (၂၉၃)ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အိမ်ထောင်စု (၁)စုလျင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ အမ်းမြို့နယ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပူးပေါင်း၍ လူဦးရေ (၅၃၂၀)ဦးကို(၆)ကြိမ် ခွဲကာ နေရပ်များသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးဆောင်ရွက်ခဲ့ရာ စုစုပေါင်း ငွေကျပ် ၆၃၈ ဒသမ ၇၈၄ သန်း ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ကျောက်တော်မြို့နယ်တွင်လည်း လူဦးရေ ၅၈၉ ဦးကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုများ ရရှိလာပြီဖြစ်သည့်အတွက် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး၊ ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးတို့အတွက် ပြည်နယ်အဆင့်ကော်မတီ အသီးသီးတွင် တာဝန်ပေးအပ်ခြင်းခံထားရသည့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်၏မူဝါဒလမ်း ညွှန်ချက်များအတိုင်း လိုက်ပါဆောင်ရွက်ပေးကြရန်ပြောကြားသည်။


    ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြသည်။


    ဆက်လက်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။


    ယင်းနောက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)