နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ



MNP  -  ဒီဇင်ဘာလ ၂၄

    နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ပထမနှစ်သင်တန်းသို့ တက်ရောက်သူ မောင်မယ်သစ်လွင် ၁၃၇ ဦး တက်ရောက်လျက်ရှိကာ ၎င်းတို့၏ရမှတ်နှင့် ဦးစားပေးလျှောက်ထားမှု အပေါ် မူတည်၍ ဘာသာရပ် ၄ ခုကို ပျှမ်းမျှ ၃၅ ဦးနှုန်းဖြင့် အချိုးကျခွဲဝေ၍ ဘာသာရပ်အလိုက် ဆရာ၊ကျောင်းသားအချိုး ညီညွတ်မျှတစွာသင်ကြားလျက်ရှိကြောင်း ယမန်နေ့နံနက် ၉ နာရီခွဲခန့်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှ သိရသည်။


    မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နည်းပညာတက္ကသိုလ်(ဘားအံ)ကို ၁၉၉၈ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ အမ်အီးဘွဲ့ရ(၅)ဦး၊ ဘီအီးဘွဲ့ရ(၁၁၁၅)ဦး၊ ဘီတက်ချ်ဘွဲ့ရ(၁၁၇၆)ဦး၊ အေဂျီတီအိုင်ဒီပလိုမာလက်မှတ်ရ(၁၅၄၀)ဦးတို့ကို မွေးထုတ်လေ့ကျင့် ပေးခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံကိုပြုပြင်ပြောင်းလဲ တည်ဆောက်နေသောကာလတွင် ပညာပြည့်ဝပြီး အမြင်ကျယ်ကာ သဘောကြီးသည့် လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာရန် ပညာရေးကဏ္ဍသည် အရေးပါပြီး ပညာဆည်းပူးနေကြသော လူငယ်လူရွယ်များ အရည်အသွေးမြင့်မား၍ အမြော် အမြင်ရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသည့် လူသားကောင်းများဖြစ်လာစေရန်၊ ပညာဟူသည့် မိတ်ဆွေကောင်းနှင့် ပေါင်းဖက်မိအောင်ကြိုးစားကြရန်၊ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်ပြီး ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှု စွမ်းအားမြင့်မားသည့် ထူးချွန်ထက်မြတ်သော ပညာမျိုးဆက်များဖြစ်ကြပါစေကြောင်း၊ နိုင်ငံတော်ကိုကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


    ထို့နောက်နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က သင်ကြား၊ သင်ယူမှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။


    ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များက မြန်မာတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအကအလှများ၊ တေးသရုပ်ဖော်အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် B.E (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်) အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မေဂျာအလိုက် ပထမဆုရရှိသူများ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်းက နည်းပညာတက္ကသိုလ် Queen ဆုရရှိသူကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက King ဆုရရှိသူကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကာ မောင်မယ်သစ်လွင်များ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)