မသန်စွမ်းဘီးတပ်ကုလားထိုင် ဘတ်စကတ်ဘော အားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မသန်စွမ်းဘီးတပ်ကုလားထိုင် ဘတ်စကတ်ဘော အားကစားပြိုင်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ ၂ 


မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် မသန်စွမ်းသူများ ဘီးတပ်ကုလားထိုင် ဘတ်စကတ်ဘော (Wheelchair Basketball) အား ကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က လှာကမြင်ကျေးရွာအုပ်စု၊ တဝန်သံကျေးရွာရှိ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၌ ကျင်းပသည်။


ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မသန်စွမ်းအားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အနေဖြင့် နှစ်စဉ်နိုဝင်ဘာလတွင် မသန်စွမ်းအားကစားပြိုင်ပွဲများကို ကျင်းပပေးနေပြီး ဘားအံခြေတု လက်တုဌာနအနေဖြင့် အားကစားထူးချွန်သူများကို ထောက်ပံ့ကူညီမှုပေး၍ နှစ်စဉ်လိုလို ပါဝင်ယှဉ်ပြိုင်စေခဲ့ကြောင်း၊ အချို့ထူးချွန်အားကစားသမားများမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေကြပြီး အောင်မြင်မှုများလည်း ရရှိနေကြပြီဖြစ်ကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသည့် အားကစားသမားများအနေဖြင့်လည်း မိမိရပ်ရွာတွင် အားကစားကို စိတ်ပါဝင်စားသော မသန်စွမ်းသူများကို လက်တွဲခေါ်ယူပြီး နိုင်ငံဂုဏ်ကို မြှင့်တင်နိုင် သည့် ထူးချွန်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ထံ အားကစားပြိုင်ပွဲ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။


ယနေ့ကျင်းပသည့် မသန်စွမ်းသူများ ဘီးတပ်ကုလားထိုင်ဘတ်စကတ်ဘော (Wheelchair Basketball) အားကစားပြိုင်ပွဲကို ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ အားကစားသမား(၈)ဦး၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဌာနမှ (၈) ဦး၊ ကျိုင်းတုံကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနမှ ၁၆ ဦး စုစုပေါင်းအားကစားသမား ၃၂ ဦး၊ ဘတ်စကတ်ဘောအသင်း (၄) တို့မှ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ညနေပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရှိ ခြေတုလက်တု၊ အားပြုကိရိယာများ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)