(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမား (မောင်/မယ်) များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမား (မောင်/မယ်) များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ



MNP - ဒီဇင်ဘာ  ၁


၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား(မောင်/မယ်)များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၃-ခုနှစ်(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲနဲ့ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပဖို့ ရက်အနည်းငယ်သာလိုသောကြောင့် ယနေ့မှာ အားကစားသမား မောင်/မယ်တို့အနေနဲ့ ရုပ်ပိုးဆိုင်ရာအသင့် အားကစားပညာရပ်ပိုင်းဆိုင်ရာအသင့် စိတ်ဓါတ်ပိုင်းဆိုင်ရာအသင့် အစစအရာရာ အဆင်သင့် ဖြစ်နေကြပြီလို့ ယုံကြည်ပါကြောင်း၊ ဒီပြိုင်ပွဲဟာ မောင်တို့မယ်တို့ အားကစားသမားတွေအဖို့ တို့မကွေးတိုင်းအတွက် အားကစား လူချွန်လူကောင်းများဖြစ်ကောင်း ပြသနိုင်တဲ့ အခွင့်အလမ်းကောင်းကြီး တစ်ရပ်လည်းဖြစ်ပြီး၊ ဒီအခွင့်အလမ်းကောင်းကြီးကို အမိအရဆုပ်ကိုင်ကာ ငါတို့မကွေးတိုင်းဒေသကြီး၏ ဂုဏ်ကို မြှင့်တင်သွားနိုင်ကြလိမ့်မယ်လို့ မကွေးတိုင်းသားအားလုံးက ယုံကြည် မျှော်လင့်နေကြပြီဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့၏ ဇွဲ၊ စိတ်ဓါတ် အပြည့်အဝနဲ့ “ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို” ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ခဲ့မှုတွေကိုလည်း တွေ့မြင်ခံစား အသိအမှတ်ပြုပါကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံ ဆိုသလို လေ့ကျင့်သားတွေပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာနဲ့ အောင်တံခွန်စိတ်ဓါတ်တွေ တလူလူလွင့်နေပြီလို့ မျှော်လင့်ပါကြောင်း၊ အခုနှစ်မှာ ဘယ်တုန်းကမှမရှိခဲ့ဘူး‌သော စခန်းသွင်းစဉ် ထောက်ပံ့မှု၊ ပြိုင်ပွဲဝင်စဉ် ထောက်ပံ့မှု၊ အားကစားအထောက်အကူပြုပစ္စည်း ထောက်ပံ့ပေးမှုများကို အားကစားဌာနရဲ့ သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်များမှ ထောက်ပံ့ပေးနေသကဲ့သို့ တိုင်းအစိုးရအဖွဲ့မှလည်း စခန်းသွင်းစဉ်တွင် ပြိုင်ပွဲကာလများအထိ နေ့စဉ် အာဟာရစရိတ်များကို သီးသန့် ထောက်ပံ့ပေးနေပါကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ်တို့ အနေဖြင့် ယခုပြိုင်ပွဲများမှတစ်ဆင့် လာမယ့်ပြိုင်ပွဲများအတွက် အတွေ့အကြုံကောင်း၊ သင်ခန်းစာကောင်းတွေ ဖော်ထုတ်ရယူခဲ့ကြဖို့၊ အားကစားသမားကောင်း စိတ်ဓါတ်ဖြင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်နိုင်တဲ့ အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာဝန်ကို ကျေပွန်ခဲ့ကြဖို့၊ အားကစားနဲ့ မကွေးတိုင်းဒေသကြီးရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့ အားကစားသူရဲကောင်းတွေအဖြစ် သမိုင်းမော်ကွန်းရေးထိုးခဲ့ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်း အောင်က ပြိုင်ပွဲသွားရောက်မည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားအဖွဲ့များထံ အောင်နိုင်ရေးအလံအားပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်  တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်တို့က ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်ခဲ့ပြီး၊ အုပ်ချုပ်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)