စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ကော်မတီ ၏ ၁၀/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ကော်မတီ ၏ ၁၀/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးတက်ရောက်

 


MNP - နိုဝင်ဘာ   ၃၀


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထင်ရှားသည့် ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် လည်ပတ်ကာ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများ ရရှိစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁၀/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန်အတွက် ရည်ရွယ်၍ ကော်မတီများဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ယခုလို အစည်းအဝေး ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေ လိုအပ်ချက်များကိုသိရှိနိုင်ရန် ဖြည့်ဆည်းဆောင်ရွက် ပေးသင့်သည်များကို အစည်းအဝေးသို့ တက်ရောက်လာသူများက ပွင့်ပွင်းလင်းလင်း ဆွေးနွေး တင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများအား QR Code များထပ်မံပြုလုပ်ပြီး အများပြည်သူသိရှိအောင် ဆောင်ရွက်ခြင်း၊ Pamphlet လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များ အနေဖြင့် မိမိတို့၏ ဘိုးဘွားအမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေးကြရန်နှင့် ဒေသခံ ပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း  ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာများ နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၁၀/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတွင် မုံရွာမြို့ရှိ Classico Hotel လုပ်ငန်းလိုင်စင်အသစ်ခွင့်ပြုရေးနှင့် ORION ခရီးလှည့်လည်ရေး ကုမ္ပဏီ လိုင်စင်အသစ်ခွင့်ပြုရေး၊ ကသာမြို့ရှိ စိန်ဟိုတယ်နှင့် မုံရွာမြို့ရှိ ဂန္တဝင်တည်းခိုရိပ်သာ သက်တမ်းတိုးခွင့်ပြုရေး၊ အောက်တိုဘာလအတွင်း  ခရီးသွားဝင်ရောက်မှု အခြေအနေနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများ ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး အခြေအနေ များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊   တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီး သွားဇုန် ၆ ဇုန်တွင် ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွား - ၉၂၃၁၃ ဦး၊ ပြည်ပ ခရီးသွား - ၁၁၈၀ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)