MNP - ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်း (၆) သင်းတွင် ဘောလုံး အားကစားသမား (၁၂၀) ဦးပါဝင်ယှဉ်ပြိုင်သည့်အတွက် မိမိတို့၏အရည်အချင်းကို ပြသခွင့်ရတဲ့ပြိုင်ပွဲဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် စည်ကမ်းစနစ်တကျ ယှဉ်ပြိုင်ကစားမှသာ ပြည်သူလူထု၏ အားပေးမှုဆိုတာ ရှိလာမည်ဖြစ်သည့်အတွက် စည်းကမ်းရှိစွာ ကစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသမားများ၏ သစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲပထမနေ့အဖြစ် ဌာနပေါင်းစုံ (၁) အသင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။ ယင်းဘောလုံးအသင်း (၆) သင်း ပါဝင်သည့် ဘောလုံးပြိုင်ပွဲအား ဒီဇင်ဘာလ(၁၄)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းအား (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သိန်းဖေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment