ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ကြည့်ရှုစစ်ဆေး


MNP  -  ဇန်နဝါရီ ၂၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ယခုထက် ပိုမိုလေ့လာသင်ယူ


ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သည့် သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်စဉ် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ညီညွတ်စွာ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို စိတ်ဝင်တစားဖြင့်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာပြီးစီးရေးအတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာမှ လျှပ်စစ်နှင့်ဘွိုင်လာ စစ်ဆေးရေးလုပ်ငန်းများကို ဥပဒေများနှင့်အညီ ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း ယုံကြည်မှုများ တိုးတက်လာစေရေးအတွက် လက်တွေ့လုပ်ငန်းများ ကို ယခုထက် ပိုမိုလေ့လာသင်ယူကြရန်၊ စက်ပစ္စည်းများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ သည့် မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရန်၊ စက်ရုံ၏ စီမံရေးရာ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်း၊ပစ္စည်း၊ စာရွက်စာတမ်းလုံခြုံရေးနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ပြုပြင်ပြီးစက်ပစ္စည်း ကိရိယာများကိုလည်း ပြန်လည်ချို့ယွင်းပျက်စီးမှု မရှိအောင် ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်နိုင်ရေးအစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားနိုင်ရေး စီမံထားရန်မှာကြားသည်။


အလေးထားဆောင်ရွက်


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည်စတင်ဆောင်ရွက် နိုင်ရေးကြီးကြပ်ရန် ကော်မတီအဖွဲ့ဝင်များသည် စက်နှင့်စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေသည့် သံရည်ကျိုလုပ်ငန်းတွင် အသုံးပြုမည့်စက်မှုလုပ်ငန်းသုံး ရေစစ်ကန်ကိုလည်းကောင်း၊ အဝင်ဓာတ်အားလိုင်း လက်ခံဖြန့်ဖြူးခွဲရုံ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ကျောက်မီးသွေးကြိတ်ခွဲ ပြုပြင်ရေးအလုပ်ရုံ၊ သံသတ္တုရိုင်းအခြောက်ခံအလုပ်ရုံ၊ သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံ၊ အလိုအလျောက် မီးငြှိမ်းသတ်ရေးအလုပ်ရုံ၊ အမှတ်(၂) ပန့်အလုပ်ရုံ၊ ရေပြန်လည် အအေးခံပေးပို့သည့် အလုပ်ရုံ၊ သန့်စင်ပြီးကုန်ကြမ်းများ သိုလှောင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ဓာတုပစ္စည်းဖြင့် ရေပြုပြင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ စက်မှုလုပ်ငန်းသုံးရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ ဖိအားမြင့်လေထုတ်အလုပ်ရုံ၊ ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ၊ သောက်သုံးရေသန့်စင် အလုပ်ရုံ၊ တန် ၁၀၀အထိ ခြင်တွယ်နိုင်သည့် ကတ္တား၊ သံသတ္တုရိုင်း ပထမအဆင့်ကြိတ်ခွဲ အလုပ်ရုံနှင့် တောင်ဆင်းဝန်ခါးပတ်တို့ရှိ စက်ပစ္စည်းများအား ဝန်မပါစမ်းသပ်မောင်းနှင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။


ကြိုးစားဆောင်ရွက်


အဆိုပါ အလုပ်ရုံများသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရုရှားပညာရှင်များ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဝင်ဘဲ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ခဲ့ပြီး စက်ရုံယာယီရပ်ဆိုင်းစဉ် (၄)နှစ်ကျော် ရပ်နားထားခဲ့သည့် အလုပ်ရုံများ ဖြစ်သည်။ ယခင်စမ်းသပ်ခဲ့စဉ်က စက်များ၏ ကြံ့ခိုင်ရေးကိုသာ ဦးစားပေးစမ်းသပ်နိုင်ခဲ့ပြီး အလိုအလျောက် ထိန်းချုပ်လည်ပတ်မှု ဆက်လက် ဆောင်ရွက်စဉ် စက်ရုံရပ်ဆိုင်းခဲ့သည့်အတွက် အလုပ်ရုံများ အချင်းချင်းချိတ်ဆက်မှုများ အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်ဖြင့် ကွန်ပျူတာထိန်းချုပ်မှုများ၊ စက်ပြင်ဆင်မွမ်းမံမှုများ၊ ချိတ်ဆက်ဆောင်ရွက်မှုများကို ကြိုးစားဆောင်ရွက်ခဲ့သည်။


ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်တည်း ဆောင်ရွက်


အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၏ အဓိက ထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝ သယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါစမ်းသပ်လည်ပတ်ခဲ့သည်။ ကျန်ရှိသည့် အလုပ်ရုံခွဲသုံးရုံကို ရုရှားနိုင်ငံမှ ပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်တည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။  


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)