ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံလျာထားဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံလျာထားဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေး



MNP  -  ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံလျာထားဧကအောင်မြင်စွာ စိုက်ပျိုးသွားနိုင်ရန်နှင့် ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည်။


တောင်သူပညာပေး ဆွေးနွေးပွဲတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က နိုင်ငံတော်အစိုးရမှ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊ ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေး အရည်အသွေးကောင်းမွန်သော ဆန်စပါးများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယခုနှစ်တွင် မိမိတို့မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းဖြင့်နွေစပါးစိုက်ဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်၍ ဒေသခံတောင်သူများ နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရန်နှင့် သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ယခုကဲ့သို့ တောင်သူအသိပညာ ပေးဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နွေစပါးအတွက် စိုက်ပျိုးရေနှင့် ပတ်သက်ပြီး မဲဇလီရေလွှဲဆည်မှ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စိုက်ပျိုးရေ စနစ်တကျ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးတောင်သူများကို တစ်ဦးလျှင်စိုက်ပျိုးစရိတ်နှင့် သွင်းအားစုပစ္စည်းကုန်ကျစရိတ်အတွက် ငွေကျပ်(၂)သိန်းနှုန်း ထုတ်ချေးပြီးစိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက တင်ပြဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက နွေစပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်ရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းသုံးစွဲနည်းစနစ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လျာထားနွေစပါးစိုက်ဧကအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေအဆင်ပြေစွာဖြန့်ဝေပေးရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေး တောင်သူပညာပေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  


အလားတူ အဆိုပါ တောင်သူပညာပေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာရှိ ဒေသခံတောင်သူများအားတွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်နည်းစနစ်နှင့် သွင်းအားစုပစ္စည်း သုံးစွဲနည်းစနစ်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၁၅၀၀၀ ဧက စိုက်ပျိုးထုတ်လုပ်ခြင်းကို ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ဒေသခံတောင်သူဦးရေ ၅၂၇၃ ဦး၏ မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ စပါးစိုက်လယ်မြေကွင်းပေါင်း ၇၉ ကွင်းတွင် အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။   


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)