ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP  -  ဇန်နဝါရီ ၃၀

ဆီထွက်သီးနှံနေကြာကို အလားအလာကောင်းသည့်ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေးနှင့် သီးထပ်သီးနှံအဖြစ် ဆောင်းနေကြာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ စားသုံးဆီလိုအပ်ချက်အရ သီးနှံ ဈေးကွက် သေချာမှုရှိနေသည့်အတွက် တောင်သူများအနေဖြင့် အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။


ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်၌ ဒုတိယဝန်ကြီးနှင့် ဥတိုကျေးရွာ အုပ်စု နေကြာစိုက် တောင်သူများ တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။


တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထားရှိမှု၊ နွေစပါးနှင့် မတ်ပဲစိုက်ပျိုးပြီးစီးမှုနှင့်ဆောင်း သီးနှံစိုက်ပျိုးနေမှုများကို ရှင်းလင်း တင်ပြကြသည်။


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာကို အချိုးကျပေါင်းစပ် အသုံးပြုရန် လိုအပ်ချက်များ၊ နေကြာအထွက်နှုန်း သေချာစေ ရေးသွင်းအားစုနှင့်စိုက်ပျိုးရေကို အချိန်ကိုက်ထည့်သွင်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး တောင်သူ ဦးခင်မောင်လွင်၏ Super Summer.66 စပ်မျိုး နေကြာစိုက်ခင်း ဖြစ်ထွန်း အောင်မြင်နေမှုများကို ကြည့်ရှုအားပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသို့ရောက်ရှိပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး လက်တွေ့စိုက်ပျိုးထားသည့် စိုက်ခင်းများ၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်း ဖွင့်လှစ်ရန်အသစ်တည်ဆောက်ထားသော စာသင်ဆောင်၊ လက်တွေ့ဆောင်နှင့် အမျိုးသမီးအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် လက်ပံတန်းမြို့နယ် ကျွန်းကလေး ကျေးရွာအုပ်စု ဆောင်းနေကြာ စံပြကွက်ကို လည်းကောင်း၊ မင်းလှမြို့နယ်အုပ်တွင်းကျေးရွာအုပ်စု မတ်ပဲနှင့် နေကြာသီးညှပ်စိုက်ခင်းကိုလည်းကောင်း၊ မင်းလှမြို့နယ် ကိုင်းပြင်ကြီးကျေးရွာ ဆောင်းနေကြာစံပြ စိုက်ခင်းများကို လည်းကောင်း၊ သာယာဝတီခရိုင် လက်ပံတန်း မြို့နယ် သဲတောရေလှောင်တမံ ကြံ့ခိုင်မှုရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှုများကို လည်းကောင်း၊ အုတ်ဖိုမြို့ ငါးလုပ်ငန်းဦးစီးဌာန ငါးသား ဖောက်စခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ငါးသားပေါက်ဖြန့်ဖြူးပေးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ဒေသငါးသားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)