မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော်ဖွင့်ပွဲ အထူးတံတား၊ မုဒ်ဦးဖွင့်ပွဲနှင့် ရွှေစက်တော် မန်းချောင်း အပန်ဖြေဆင်စခန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော်ဖွင့်ပွဲ အထူးတံတား၊ မုဒ်ဦးဖွင့်ပွဲနှင့် ရွှေစက်တော် မန်းချောင်း အပန်ဖြေဆင်စခန်းဖွင့်ပွဲကျင်းပ






MNP  -   ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယ ပွဲတော်ဖွင့်ပွဲ၊ အထူးတံတား၊ မုဒ်ဦးဖွင့်ပွဲနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က တစ်ပြိုင်တည်း စတင်ဖွင့်လှစ်လိုက်ပြီး အဆိုပါ ဖွင့်ပွဲအခမ်း အနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်း မှူးဗိုလ်ချုပ် ကိုကိုဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ခြေတော်ရာဖွင့်ပွဲကျင်းပ


ဦးစွာ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော်ဖွင့်ပွဲအထိမ်းအမှတ်  အထူးတံတားနှင့် မင်္ဂလာ မုခ်ဦး ဆိုင်းဘုတ်ဖွင့်ကို ကျင်းပရာ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဌေးတို့က ဖဲကြိုးဖတ်ဖွင့်လှစ် ပေးခဲ့သည်။


ထို့နောက် မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိကနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင် တို့က မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးနောက်၊ တက်ရောက်လာကြ သူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ကုသိုလ်ပြုခြင်းနှင့် ရွှေစက်တော်မန်းချောင်းအတွင်း ငါးလွှတ် ကုသိုလ်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ယင်းနောက် မကွေးမြို့ အောင်မြေရတနာကျောင်းတိုက် ပဓာနနာယက (မဟာကန္ထဝါစကပဏ္ဏိတ) မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမန၊ တောင်တွင်း ကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက (အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇော တိကဓဇ) မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တမာနိတနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့မှ မန်းရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဩဝါဒါစရိယ ဆရာတော် ကြီးများနှင့် အကြီးအကဲများက နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြပြီး ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒ စေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူသည်။


လှူဒါန်းမှု ရေစက်သွန်ချ


ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်သာသနာ့ဗိမ္မာန်တော်၌ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ စေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်းအထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေကာ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ပွဲတော်ကာလ


မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)စားရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက် တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိဖြစ်ကြောင်း၊ အောက်စက်တော်ရာသို့ ဘုရားဖူးလာရောက်ကြသူများ သွား လာရေး အဆင်ပြေစေရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခင် ဘေလီ သစ်သား တံတားအစား ယခုအခါ ဘေလီသံပေါင်တံတားကို တည်းဆောက်ပေးထားပြီး တံတားကြီး ရေရှည် ကြံ့ခိုင်ကောင်းမွန်ရေး ရေကျော်ရှပ်တာများလည်း ဆောင်ရွက်ပေးထားကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်းပေါင်း (၁၀၀၀) ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း (၅၀၀)ကျော် ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများအား ညအိပ် တည်းခိုခွင့်ပြုထားကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


ဆင်စခန်းဖွင့်လှစ်


ထိုမှတစ်ဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီး၊ မင်းဘူး သစ်ထုတ်ရေးဒေသ၊ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းဖွင့်ပွဲနှင့် ဆင်စခန်း ဖွင့်လှစ်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယခုနှစ်ပွဲတော်ကာလ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ထည့်သွင်းဆောင်ရွက်ထားသည့် ဆင်လိမ်မာကလေးများ၏ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ (မွေးကင်းစ) ဆင်ကလေး ဟိန်းပြည့်အောင်အား အမည်ပေးကင်ပွန်းတပ် မင်္ဂလာအခမ်းအနားကျင်းပပြီး ဆင်ကလေးများ၏ မွေးစားမိဘများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်များ ပြန်လည်ပေးခဲ့သည်။


ထို့နောက် ဆင်စခန်းဖွင့်လှစ်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆင်စာကိတ်မုန့်ခွဲ၍ ဆင်များကို အစာကျွေးမွေးခဲ့ပြီး ဆင်စခန်းပြင်ဆင်ထားရှိမှုများ၊ ဆင်စာဘူဖေး ကျွေးမွေးနေမှုများနှင့် တည်းခိုဆောင်၊ နားနေဆောင်နှင့် ဆင်စီးအပန်းဖြေမည့် သဘာဝတောတောင်ရေမြေနှင့် ရှုခင်းအလှနေရာ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ အဆိုပါ ဆင်စခန်း၌ (၄)နှစ်တာကာလအတွင်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားဆောင်ရွက်ပြီး ဧည်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆင်စခန်းရှိ ဆင်(၁၂)ကောင်းအား  ဆင်စာဘူဖေးကျွေးမွေးရန်နှင့် ဆင်ဝန်ထမ်းများအတွက် အလှူငွေ များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)