နစက ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအပေါ် သူတို့အမြင် (၂၇-၁-၂၀၂၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစက ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအပေါ် သူတို့အမြင် (၂၇-၁-၂၀၂၃)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၅/ ၂၀၂၃ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၆-၁-၂၀၂၃ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ရဲ့ ထူးခြားချက်က -

ပြည်ထောင်စုအဆင့် မှတ်ပုံတင်မယ့် ပါတီဟာ ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀၀၀)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပါတီက ပါတီဝင် ဦးရေ (၁၀၀၀) ရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်ပါတီဟာ ကျပ်သိန်း (၁၀၀၀)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပါတီဟာ ကျပ်သိန်း(၁၀၀) မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်း ထားရှိရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ပါတီဟာ ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ထားရှိနိုင်ရမှာဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပါတီကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အနည်းဆုံး ၅မြို့နယ်မှာ ရုံးခန်း ဖွင့်လှစ်ထားရှိနိုင်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ပါတီက မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရမှာ ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပါတီက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အနည်းဆုံး မဲဆန္ဒနယ် တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

တည်ရှိနေသော နိုင်ငံရေးပါတီများသည် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှ ရက်ပေါင်း (၆၀) အတွင်း ပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါက အလိုအလျှောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုမှု တချို့ တွေ့လာရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က မိုးကုတ်ဦးတိုးကတော့ -

"တွေးမိတွေးရာ၊ သြော် လူတစ်သိန်း စုရတာ လွယ်တယ်လို့ထင်တဲ့သူတွေ ပါတီထောင့်ကြည့်လိုက်ပါ။ စည်းရုံးရေးဆိုတာ မျက်မြင်တွေ့ရလိမ့်မယ်။ ဒီကာလကြီးမှာတော့ ပါတီဝင်စုဖို့ဆိုတာ လုပ်ကြည့်ကြစမ်းပါလို့ပဲ ပြောချင်တယ်။ နောက်ဆက်တွဲဖြစ်တဲ့ သိန်းတစ်ထောင် ဘဏ်မှာရှိရမယ်တို့၊ မြို့နယ် ၁၆၅မြို့မှာ ရုံးရှိရမယ်တို့၊ အမတ်လောင်းပေါင်း ငါးရာကျော် ဝင်ပြိုင်ရမယ်တို့ ဆိုတာ လုပ်ကြည့်ကြစမ်းပါလို့ပဲ ပြောချင်တယ်။ ပါတီဝင်ဖို့ ငွေနဲ့အခွင့်အရေး ပေးနေရချိန်မှာ ပါတီကို ဝင်ကြေးတို့ လစဉ်ကြေးတို့ပေးရမယ်ဆိုရင် ဝင်ချင်စိတ်တောင် ပျောက်သွားဦးမယ်။ လက်စသတ်တော့ ပါတီကြီးဝါဒ၊ ပြည်မအခြေစိုက်ပါတီ ဗမာပါတီ ကြီးစိုးရေး။ တိုင်းရင်းသားဆိုသူတွေကိုတော့ မင်းတို့နယ်မှာပဲနေကြ ဘေးကို လုံးဝမတို့နဲ့ဆိုတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ ခွဲခြားခွဲခြားနဲ့ အခွင့်အရေးတွေက တူဘူးပဲ။ ဗမာတစ်ကျပ် တိုင်းရင်းသား ဆယ်ပြား။ တစ်ကျပ်ရချင်ရင် မင်းတို့အားလုံး ပေါင်းပြီး ပါတီတစ်ခုထောင်လို့များ ဆိုလိုက်လေသလား။ ဒီကနေ့ တွေးမိသမျှပေါ့။" လို့ ထွက်ပေါ်လာတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအပေါ် သုံးသပ်ရေးသားထားတာကို တွေ့ရပါတယ်။


ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)က ကိုကျော်ထက် ကလည်း -

"နိုင်ငံရေးပါတီများ မှတ်တင်ခြင်းဥပဒေအရ အာဏာရခဲ့ဖူးသောပါတီများ နှင့် ခရိုနီသူဌေးများ မှ တည်ထောင်သော ပါတီများ အားသာနေပြီး လူတစ်စုတစ်ဖွဲ့မှ နိုင်ငံရေး လက်ဝါးကြီးအုပ်မှုအဖြစ် ကျွန်ုပ်ရှုမြင်သည်။ တတိယအင်အားစု ပါတီများ တိုင်းဒေသကြီးအဆင့်မှ ကနဦးပြန်ဝင်၍ နောင်တွင်နိုင်ငံတစ်ဝှန်း ယှဉ်ပြိုင်သော အဆင့်ကိုကူးပြောင်းကြမည်လော။ နိုင်ငံရေးမဟာမိတ်လုပ်၍ ညွှန့်ပေါင်းပါတီများပြုလုပ်မည်လော။ ပါတီများအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော ဥပဒေအသစ်အား ဆန့်ကျင် ဆန္ဒ ပြကြမည်လော။" ဟု သုံးသပ်ရေးသားထားပါတယ်။


ထွက်ပေါ်လာတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအပေါ် ကိုမင်းသက်ဇင် က" ၂၀၂၃ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို နစက အနေနဲ့ ပြန်လည်ပြင်ဆင်သုံးသပ်ဖို့ လိုပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ -

"လက်ရှိနိုင်ငံရေးအခင်းကျင်းမှာ နစက အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်တယ်။ ဒါကို NUG လက်ပါးစေတွေ ဒေါ်လာစား EAOs တွေက နည်းအမျိုးမျိုးနဲ့ ဖျက်ဖို့လုပ်တယ်။ နစက ပေးထားတဲ့ ကတိကို ယုံကြည်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းကို ပြန်လျောက်ကြဖို့ ပြည်သူကို တိုက်တွန်းနားချနေတဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး စစ်ဖက်အရပ်ဖက် ယုံကြည်မှု တည်ဆောက်လိုတဲ့ ပါတီတွေလည်း ရှိတယ်။ ဒီအချိန်မှာ ပါတီတွေအနေနဲ့ မြေပြင်မှာ စည်းရုံးရေး ဆင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နစကရဲ့ အဓိက လုပ်ငန်းတာဝန်က ခြေဥအရ ဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဘဲ။ မင်္ဂလာဆောင်ရင်တောင် လက်ဖွဲ့ကို ပါဆယ်ထုတ်လက်မခံရဲတဲ့ အခြေနေမျိုးမှာ ခုထွက်ပေါ်လာတဲ့ ပါတီမှတ်ပုံတင်ဥပဒေက ပါတီတွေကို နိုင်ငံရေးသင်းသတ်လိုက်တာပဲ။ ဒါကြောင့် ၂၀၂၃ ပါတီ မှတ်ပုံတင်ဥပဒေကို နစက အနေနဲ့ ပြန်လည်သုံးသပ်ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ လျော်ညီအောင် ပြင်ဆင်ခြင်း မပြုရင် မိတ်ဆွေကို ရန်သူဖြစ်စေပြီး ကိုယ့်ကိုယ်ကို နိုင်ငံရေးကြိုးကွင်းစွပ်တဲ့ အဖြစ်ရောက်သွားနိုင်ပါတယ်။" လို့ သုံးသပ် တင်ပြထားတာကို တွေ့ရပါတယ်။


ရွေးကောက်ပွဲအခင်းအကျင်းအတွက် နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စောင့်စိုင်းမျှော်နေခဲ့ကြပါတယ်။ အခုအခါ ထွက်ပေါ်လာတဲ့ ဥပဒေအရ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့လည်း ပြန်လည်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အထက်ပါ သုံးသပ်ချက်များထဲက ကိုကျော်စွာထက် ရဲ့ သုံးသပ်ချက်မှာတော့ နိုင်ငံရေးမဟာမိတ်လုပ်၍ ညွှန့်ပေါင်းပါတီများပြုလုပ်မည်လော ဆိုတဲ့ အချက်ကို တွေ့မြင်ရပါတယ်။ ထွက်ပေါ်လာတဲ့ ဥပဒေအရ နိုင်ငံရေးပါတီတွေ ပေါင်းစည်းကြမလား။ ဖျက်သိမ်းကြမလား ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)