မန်းရွှေစက်တော်ရာပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား၊ အထူးတံတားနှင့် အထူးမုခ်ဦးဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော်ရာပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား၊ အထူးတံတားနှင့် အထူးမုခ်ဦးဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ




MNP ၊  ဇန်နဝါရီ ၂၅

        မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနား၊ အထူးတံတားနှင့်  အထူးမုခ်ဦးဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။


        အဆိုပါအခမ်းအနားသို့ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တညာဏိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုကြသည်။


        ဦးစွာ အထူးတံတားနှင့်မုခ်ဦးကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါတံတားကို မန်းရွှေစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်သည့်ကာလအတွင်း တည်ဆောက် မည့် မန်းချောင်းကူး ယာယီဝါးတံတားအစား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လမ်းညွှန်မှာကြားချက်အရ တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး     တံတားအရှည် ၁၀၀ ပေ၊ အကျယ် ၁၄ ပေ ရှိကြောင်းနှင့် တံတား၏ခံနိုင်ဝန်မှာ (၁၃) တန် ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ချောင်းရေထိန်းသိမ်း ရန်အတွက် ရေထိန်းနံရံ ရေတား ၁ ခု ကိုလည်း ထည့်သွင်းဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။


ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော်အထူးမုခ်ဦးကို မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက ဆရာတော်ဘုရားကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စက်ခလုပ်နှိပ်၍ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဇီဝိတဒါနငှက်လွှတ်ခြင်း၊ အထူးတံတားပေါ်မှ ဇီဝိတဒါန ငါးလွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ထို့နောက် မန်းရွှေစက်တော်အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ် သျှောင်တော်ဖွင့်လှစ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလင်းပေါက်ဖန်အုပ်သျှောင်တော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့က မန်းရွှေစက်တော် အောက်ခြေ တော်ရာ ပါဒစေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူပြီး ဗုဒ္ဓပါဒ ခြေတော်ရာအား နမ္မဒါရေစင်ဖြင့်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းကြသည်။


        ဆက်လက်၍ အထက်စက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆရာတော် အရှင်သူမြတ်များနှင့် တာဝန်ရှိသူ များ၊ ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ကျောင်း၊ ပဓာနနာယက  မကွေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အထက်စက်တော် ရာ ပါဒစေတီတော်မြတ်ကြီးကို ဖွင့်လှစ်၍ နမ္မဒါရေစင်ဖြင့် သွန်းဖျန်းကာ ရွှေသင်္ကန်းတော်များ ဆက်ကပ်ပူဇော်ကြသည်။


        ယင်းနောက် သံဃာတော်အရှင်သူမြတ်များက အထက်စက်တော်ရာ ပါဒစေတီတော် မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။


        ၎င်းနောက်  သုံးထပ်သာသနာ့ဗိမ္မာန်တွင် မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ၂ ဆူ ဖွင့်လှစ်ပူဇော်ပွဲ   အောင်မြင်ခြင်းအတွက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ် ဆည်းပူးခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်းအနား ကျင်းပ၍ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။


        ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မင်းဘူး သစ်ထုတ်ရေးဒေသ၊ ရွှေစက်တော်မန်းချောင်း ဆင်စခန်း(၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားသို့ သွားရောက်၍ ဆင်သရုပ်ပြ(Elephant Show) အစီအစဉ်များကို ကြည့်ရှုအားပေးကာ ဆင်ကလေးများအား အစားအစာများကျွေးမွေးခဲ့ကြသည်။


        အဆိုပါ မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ဧပြီ ၁၇ ရက်အထိ ၈၃ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)