ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် များအား မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် များအား မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်


MNP ၊ ဇန်နဝါရီ  ၂၆

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။


ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းကို ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက  နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေး စကားများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးကြသည်။ ဆက်လက်၍ ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များ၏ မိသားစုဝင်များကိုယ်စား မိခင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးက "ဟိုမှာနေရတာ အဆင်မပြေလို့ ဒုက္ခပေါင်းစုံရောက်တယ်။ တောထဲမှာ စားရ တာလည်းအဆင်မပြေဘူး။ စားရတာလည်း အဆင်မပြေဘူး။ အစစအရာရာ ဘာမှ အဆင်မပြေဘူး။ အစကတော့ ကောင်းမယ်ထင်လို့သွားခဲ့တာ ။ကြီးနိုင်ငယ်ညှင်း ပုံစံဖြစ်နေတယ်။ သူတို့အကြီးတွေလောက်ပဲ အဆင်ပြေတာ။ အောက်ကအငယ် တွေကတော့ စားချင်သလိုစား နေချင်သလိုနေ ဖြစ်နေတယ်။ ခဏလေးပဲနေခဲ့တော့ ဘာမှ သိမ့်မသင်ပေးပါဘူး။ သူငယ်ချင်းတစ်ယောက်ကပြန်လာတော့ ကျွန်တော်တို့ မြို့က တာဝန်ရှိတဲ့ ဗိုလ်ကြီးကိုမေးကြည့်တာ ။ အလင်းဝင်လို့ရလား ၊ ပြန်လာလို့ရ တယ်ဆိုလို့ သူတို့ကလည်းနွေးနွေးထွေးထွေးကြိုဆိုမယ်ဆိုလို့ ကျွန်တော်လည်း ပြန်ချိတ်ဆက်ပြီး ပြန်လာတာ။ အကုန်လုံးကတော့ ကိုယ့်အိမ်ကိုပြန်လာချင်ကြတာ ကြည့်ပါပဲ ။ သူတို့ကိုပြောချင်တာက ဆက်ပြီးဒုက္ခခံမနေနဲ့ ပြန်လာချင်ရင် ဒီက အကြီးအကဲတွေနဲ့ ပြန်လာပေါ့။ ဒီကတာဝန်ရှိတဲ့သူတွေကလည်းနွေးနွေးထွေးထွေး နဲ့ကြိုဆိုတော့ ပြန်လာဖို့ပဲပြောချင်ပါတယ်။" ဟု ပြောဆိုသည်။


PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက "အသိမိတ်ဆွေကခေါ်သွားလို့ ညီမအဲ့ဒီကိုရောက်သွားတာပေါ့ တောထဲကို။ ဘာမှကိုမပြောတာ ။ သင်လည်းမသင်ပေးဘူး။ သိလည်းမသိရဘူး။ အဲ့ရောက်သွား တာနဲ့ တစ်ရက်နှစ်ရက်နေတော့ နောက်နေ့တွေကြ ဟင်းချက်ရတယ်။ ကိုယ့်ထက် အရင်ရောက်နေတဲ့ စောတဲ့ စီနီယာတွေရဲ့ ဝေယျာဝစ္စတွေလုပ်ပေးရတယ်။ ခုလိုမျိုး လူကြီးစုံရာနဲ့ အလင်းဝင်တာကောင်းတယ်ပေါ့နော်။ အဲ့လိုမျိုးလည်းဝင်စေချင် တယ်။ ဘာဖြစ်လို့လည်းဆို့တော့ တောထဲမှာလည်း အတော်ဒုက္ခရောက်တယ်။ ကိုယ်တိုင်ကဘာမှမဟုတ်တာလည်း မဟုတ်ဘူးပေါ့နော်။ ကိုယ့်အချိန်တွေဆုံးရှုံး တာပဲရှိတယ်။ အဲ့တော့လူကြီးတွေနဲ့ ဒီလိုမျိုးအတိအလင်း အလင်းဝင်စေချင်တယ်။ ကိုယ့်လို သူငယ်ချင်းတွေကိုလည်း။ ညီမကတော့အတိုင်းအထက်အလွန်ကို ဝမ်းသာ တယ်ပေါ့။ မိဘရင်ခွင်ထဲကို အရင်လို ပြန်ပြီးချွဲလို့ရတယ်။ ဘာပဲပြောပြော သွားနေ တဲ့ကာလအတွင်းမှာ မိဘတွေနဲ့လည်း ဖုန်းဆိုတာ ပြောချင်မှ ပြောရတာ။ ခုလိုအိမ် ပြန်ရောက်တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ခုလိုမျိုး စီစဉ်ပေးတဲ့ လူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။" ဟု ပြောဆိုသည်။


PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံ သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)