နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒုတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒုတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်


MNP  -   ဇန်နဝါရီ ၂၃

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးတို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော်မြတ် ၃၃၃၉ ဆူ တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်တော်အတွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အဖွဲ့ဝင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော်ကြီးကိုးပါးတို့ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးတို့ အမှူးပြုသော နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦး၊ နေပြည်တော်ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်းများ၊ နေပြည်တော် ကောင်စီရုံးမှ ဝန်ထမ်းများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်သည်။


ဦးစွာ ဆရာတော်ကြီး ကိုးပါးတို့က ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူ တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အစီအစဉ်ကို ဆောင်ရွက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်၍ လှူဒါန်းခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားသည်။


ထို့နောက် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင် တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ် သော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူ ကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော် စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူ ကြသည်။


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးရှိ လိုဏ်တော်အတွင်း၌ ပထမအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၂၂၂ ဆူ တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပလှူဒါန်းခဲ့ပြီး ယခုဒုတိယအကြိမ် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကျင်းပပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)