ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက်သွားရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက်သွားရမည်




MNP  -  ဇန်နဝါရီ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အထူးဖိတ်ကြားထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေ ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်မှု


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဆိုသည့်အတိုင်း မိမိတို့ဘက်မှ ကြိုတင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ရန်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်ရှိသော်လည်း ၈၈ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ထိုအထဲမှ ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရကြောင်း၊ ၂ ဦးမှာ တစ်သီးပုဂ္ဂလအနေဖြင့် အနိုင် ရရှိခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေကို သုံးသပ်ကြည့်ပါက မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီ များပြား နေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင်ကြောင်း၊ ဖြစ်သင့်သည် မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုကြောင်း၊ ပြည်သူတို့၏ စုပေါင်း စွမ်းအားဖြင့် နိုင်ငံကို ဦးဆောင်ရန်လိုကြောင်း။


မိမိတို့နိုင်ငံ၌ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ်ဖြင့် သွားခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ် အမြန်ဖြစ်ထွန်းနိုင်ရေး နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို လျှော့ပေါ့ပေးသကဲ့သို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဒီမိုကရေစီအတွေ့အကြုံကို ပိုမိုရရှိစေရန်အတွက် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့် ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်ခဲ့ကြောင်း။


ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့တစ်ခု အနေဖြင့်သာ လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း၊ အဆိုပါအစုအဖွဲ့မှာ ငယ်နေမည်ဆိုပါက ဧရိယာအားဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပါတီများအားလုံး ယခုထက် ပိုမို၍ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ် ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အတည်ပြုနိုင်ရန်အတွက် သုံးသပ်ဆွေးနွေးအကြံပြု ကြစေလိုကြောင်း ပြောကြားသည်။


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင် ပြဋ္ဌာန်းရန်နှင့်ပတ်သက်၍ အကြံပြုတင်ပြဆွေးနွေး


ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင် ပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တက်ရောက်လာ ကြသူများက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍အကြံပြု ဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်း ဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အကြားအလပ်မရှိ မဲပေးနိုင်ရန်လိုကြောင်း၊ ဆွေးနွေးပြီးသည့် EAO အဖွဲ့များနှင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှု ရရှိပြီးဖြစ်၍ နိုင်ငံအဝန်းအကြားအလပ်မရှိ ရွေးကောက် ပွဲ ကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ် မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ ရှိနေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် လိုအပ်သည်များ ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အလားတူရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်းပါတီများကို မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများမဖြစ်ရန် လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ရုံးများကို အပြည့်အစုံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများမှန်ကန်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးရှိ စာရင်းဇယားများ မှန်ကန်စွာရရှိမှသာ မဲစာရင်းများ မှန်ကန်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူများ အားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်လိုကြောင်း၊ သမာသမတ်ရှိသည့် ရွေးကောက်ပွဲ၊ စနစ်ကျသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)