MNP - ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးသီးနှံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၂၅၈၁ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း သီးနှံအပိုဝင်ငွေရရှိစေရန် စားဖိုဆောင်သီးနှံများကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အဆိုပါ စားဖိုဆောင်သီးနှံ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် အခြား ဟင်းသီးဟင်းရွက်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ စားဖိုဆောင်သီးနှံအမျိုးအစားအလိုက် တောင်သူတစ်ဦးချင်း အထွက်နှုန်းတိုးတက်ကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစိုက်ပျိုးရေးနည်းပညာများနှင့် သွင်းအားပစ္စည်း သုံးစွဲပုံအဆင့်ဆင့်ကို တောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားဖိုဆောင်သီးနှံစိုက်ပျိုးခြင်းကို စုစုပေါင်းဧက ၂၃၇၅ ဧက လျာထား စိုက်ပျိုးခဲ့ပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူများက ကြိုးစားစိုက်ပျိုးခဲ့ရာ ငရုတ်သီးနှံ ၁၄၀၅ ဧက၊ ကြက်သွန်နီ ၁၁၂၄ ဧက၊ ကြက်သွန်ဖြူ ၃၄ ဧက၊ အာလူး ၁၈ ဧက၊ စုစုပေါင်း စိုက်ဧက ၂၅၈၁ ဧက စိုက်ပျိုးပြီးစီးခဲ့လို့ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခြား စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ် ၊ ပန်းမုံလာ၊ မုံညှင်း၊ မုံလာဥ၊ ဆလပ်၊ ခရမ်း ၊ ချဉ်ပေါင်၊ ကန်စွန်း ၊ ရုံးပတီ ၊ ကြက်ဟင်းခါး ၊ သခွါး ၊ ဘူး ၊ ဖရုံ ၊ တိုင်ထောင်ပဲ ၊ နံနံပင် စတဲ့ သီးနှံစိုက်ဧက ၁၇၄၂ ဧက စိုက်ပျိုးထားရှိပါတယ်။ ပွင့်ဖြူမြို့နယ်မှာ စိုက်ပျိုးရေနဲ့ စိုက်ပျိုးမြေ ကောင်းမွန်မှုကြောင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် ဒေသခံတောင်သူတွေက ဈေးကွက် အခြေအနေပေါ် မူတည်ပြီး ဈေးကောင်းရရှိတဲ့ စားဖိုဆောင်သီးနှံများကို တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးလုပ်ကိုင် ကြပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံဧက ၃၉၇၁၂ ဧက၊ ဆီထွက်သီးနှံဧက ၃၁၃၄၇ ဧက၊ စားဖိုဆောင်သီးနှံဧက ၂၃၇၅ ဧက၊ အခြား ဟင်းသီးဟင်းရွက်သီးနှံ ၁၆၉၈ ဧက၊ ဖူးစားပြောင်းသီးနှံ ၁၇၈၅ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၁၀၀၇၄ ဧက၊ အထွေထွေစားသုံးသီးနှံ ၃၂၀ ဧက၊ စုစုပေါင်း ၈၇၃၁၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ဆောင်းသီးနှံစုံဧက ၇၆၁၇၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment