MNP - ဇန်နဝါရီ ၁၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုက ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရည် ပြည့်ဝစေရေးအတွက် သတိပြုလိုက်နာရမည့်အချက်များနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး ကြိုးစားဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန် ကြိုးပမ်းလုပ်ဆောင်ရမည့် အားကစားလေ့ကျင့်မှုဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများကို ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်နှင့် စိတ်အေးချမ်းပျော်ရွှင်စေရန်အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ လက်တွေ့သရုပ်ပြသဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက အားပါးတရ ဝင်ရောက်လေ့ကျင့်ခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ကျောင်းသားကျောင်းသူများအားလပ်ချိန်တွင် အားကစားလေ့ကျင့်နိုင်ရန် ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတတိုးပွားလာစေရန်၊ နိုင်ငံအတွက်အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့်အတူ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရည်ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းများကိုအရှိန်အဟုန်မပျက် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူစုစုပေါင်းဦးရေ ၄၁၇ ဦး တက်ရောက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment