MNP - ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်မှ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နေပြည်တော်တွင် Green City၊ Clean City၊ Smart Cityကို ဆောင်ရွက်နေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးများကို အထွက်တိုးကောင်းအောင် စနစ်တကျစိုက်ပျိုးစေလိုကြောင်း၊ MSME နှင့် ပတ်သက်၍ လက်ရှိလုပ်ငန်းများထက် တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ ဌာနများက ခရိုင်/မြို့နယ် ရုံးများကို သေချာစွာကြည့်ရှုစစ်ဆေး ကြစေလိုကြောင်း၊ ဝန်ကြီးဌာန အလိုက် ဆောင်ရွက်များကို စေတနာထားဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေလို ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နေပြည်တော်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဖြင့်အချိန်မီပြီးစီးရေး စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ မြို့တော်သန့်ရှင်း သာယာလှပရေးကို အားလုံးက အလေးထားဆောင်ရွက်စေလိုကြောင်း၊ မြေပြင်ကွင်းဆင်း ဆောင်ရွက်မှုများကိုလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်စေလိုကြောင်း၊ နယ်မြေဒေသအလိုက် စားနပ်ရိက္ခာပြည့်စုံဖို့လိုအပ် ပါကြောင်း၊ ဝါသီးနှံစိုက်ပျိုးမှုတွင် အထွက်တိုးနှုန်းကောင်းအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့်ကဏ္ဍအလိုက် လုပ်ငန်းများအား အကျိုးရှိစွာ အသုံးချဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးတို့က ဒေသဆိုင်ရာ အချက်အလက် များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အသီးသီးရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများ ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရုံးပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ ရေနှင့်သန်းရှင်းမှုဌာနမှ တည်ဆောက်ထားသည့် ပုဗ္ဗသီရိမြို့နယ်ရှိ တင်းဝါးရေလှောင်တမံသို့ ရောက်ရှိကာ ရေလှောင် တမံအား လှည့်လည်ကြည့်ရှုခဲ့ပြီး ရှင်းလင်းဆောင်တွင် ရေလှောင်တမံရေဝင် ရောက်မှု အခြေအနေနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ရေပေးဝေနေမှုအခြေအနေများကို လက်ထောက် အင်ဂျင်နီယာမှူး ဦးသိန်းထွေးက ရှင်းလင်းတင်ပြရာတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်း ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက် များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲပါသည်။ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဗ္ဗသီရိ မြို့နယ် သမဝါယမရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဇေယျာသီရိမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိ မြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်၍ ဈေးအဆောက်အဦများ ကြံခိုင်မှုအခြေအနေ၊ ပြည်သူများ ဈေးရောင်းချဝယ်ယူမှုအခြေအနေ၊ ဈေးများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စည်ပင် သာယာရေးကော်မတီ အမြဲတမ်းအတွင်း ဝန်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဈေးအတွင်း သန့်ရှင်းသာယာလှပစေရေး၊ သန့်စင်ခန်းများ အမြဲတမ်းသန့်ရှင်းနေစေရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဆေးရုံ၏ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment