MNP - ဇန်နဝါရီ ၃၀
သတ္တမအကြိမ်မြောက် မြဝတီမြို့နယ်လုံးဆိုင်ရာ ဝိနယတံခွန် စာဖြေ/စာပြန်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင်ကျေးရွာရှိ သီရိရတနာသက်လွတ် ကျောင်းတိုက်ကြီးအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝိနယတံခွန် စာဖြေ/စာပြန်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌမွန်ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသောဘိတဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပြည်နယ်သံဃနာယကအဖွဲ့ဝင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ဇောတိက ဆရာတော်က သြဝါဒမိန့်ကြားခြင်း၊ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် သီရိရတာနာ သက်လွတ်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တအာသီသ ဆရာတော်က သြဝါဒမိန့်ကြားခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် ဆရာတော်များထံ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြဝတီခရိုင် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ဝိနယတံခွန် စာဖြေ/စာပြန်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကျင်းပပြုလုပ်ရာ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း အပါး ၄၀၀ ကျော် ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment