MNP - ဇန်နဝါရီ ၂၁
လူငယ်များ ကာယ ဉာဏနှစ်ဖြာ ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေး ပြောဆိုမှုပြုတတ် စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူငယ်ရေးရာ ကော်မတီက ဦးဆောင်ကာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းဦး၊ အထက(၁)ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဝင်းနိုင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၄)ဦးတို့က လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် အသိညာ ဖွံ့ဖြိုးရေး စသည့် ကြောင်းအရာများအား ဝိုင်းဖွဲ့ဆွေးနွေးကြပြီး၊ တက်ရောက် လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား ပါဝင်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အကြီး အကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် အနာဂတ် မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက် နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး
https://t.me/MyanmarNationalPost

No comments:
Post a Comment