MNP - ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သဒွန်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထပ်ဆောင်းကာကွယ်ဆေး(Booster dose) ထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာကျောင်းမှ ဆရာ/ဆရာမများ၊ သဒွန်ကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ သဒွန်ကျေးရွာ မူ(လွန်)ကျောင်းတွင် စုရပ်ထားရှိ၍ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းသို့ သဒွန်ကျေးရွာအုပ်စုအတွင်းရှိ ဖောင်းသောင်းကျေးရွာ၊ ဇီးကိုင်းကျေးရွာ၊ ဝက်ရကျေးရွာနှင့် ကောက်ရိုးတမာကျေးရွာ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက လာရောက်ထိုးနှံခဲ့ကြပြီး အသက်(၅)နှစ်မှ (၁၂)အရွယ် ကျောင်းသားကျောင်းသူ (၂၁၁)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း( Booster dose) ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ဤသို့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများအပြင် ပြည်သူတို့၏ အခြားကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ညွှန်ကြားချက်နှင့်အညီ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost




No comments:
Post a Comment