ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်ရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်ရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး




MNP  -  ဖေဖော်ဝါရီ ၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒေသ ၁၁ ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ ဖိုးရှိုးရပ်ကွက်ရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ Bored Pile အခြေပြုကျောက်စီ တမံတည်ဆောက်ရေးလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိုးရှိုးရပ်ကွက်ရှိ ရွှေမန်းကျောင်းဆရာတော် ဘဒ္ဒန္တဝံသိတအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံငွေရင်းရန်ပုံငွေ ၃၉၈ သန်းဖြင့် Myanmar Stable Group Co.,Ltd မှတာဝန်ယူတည်ဆောက်သော ဘိုးပိုင် ၆၀ ပေထု၊ ၃၂ ပေလျောဆောက်ရှိ အလျား ၂၅၀ ပေ ကျောက်စီမြေထိန်းတမံနှင့် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၁၈၀ သန်းဖြင့် သောင်ရင်းနဂါးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းတမံ ၁၁၀ ပေ စုစုပေါင်း ကျောက်စီမြေထိန်းတမံ ၃၆၀ ပေ တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမိုးက လုပ်ငန်းတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုနှင့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။


ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒေသ ၁၁ ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မူလငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇ ခု၊ ဖြည့်စွက်ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတစ်ခု၊ အရေးပေါ်ရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်ငန်း ၂ ခု စုစုပေါင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၀ ခုကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းနှစ်ခုမှလွဲ၍ ကျန်ရှိသောလုပ်ငန်းများမှာ ၇၀ ရာခိုင်နှုန်းခန့်စီ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံ-သထုံကားလမ်းမကြီးဘေးရှိ အောင်ပန်းစုံကွန်ကရစ်အလှဆင်ဘလောက်တုံးလုပ်ငန်းကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ဒေသတွင်းရှိ ဘိလပ်မြေ၊ သဲ၊ ကျောက်တို့ကို ကုန်းကြမ်းအဖြစ်အသုံးပြု၍ အလုပ်သမား ၁၀ ဦးဖြင့် တစ်ရက်လျှင် ကွန်ကရစ်အလှဆင်ဘလောက်တုံး ၁၂၀၀၀ (၄ ကျင်း) ခန့်ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်နှင့် လုပ်ငန်းများချဲ့ထွင်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် (မော်လမြိုင်ဘက်ခြမ်း) သံလွင်တံတားလမ်းဆုံအဝိုင်းတည်ဆောက်ရေးလုပ်ငန်း၊ လမ်းဆုံအဝိုင်း လေးလမ်းသွားချဉ်းကပ်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ဘားအံမြို့ရှောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်းများအားလုံး ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)