သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှု ၇၅ ရာခိုင်နှုန်းကျော်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှု ၇၅ ရာခိုင်နှုန်းကျော်ပြီးစီး


MNP   -    ဖေဖော်ဝါရီ ၂၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ပင်မတမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေလွှဲဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့် သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် Switch Yardစသည့် လုပ်ငန်းများဆောင်ရွက်နေမှု၊ ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သောကျေးရွာများ ရွှေ့ပြောင်းပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေအရင်းအမြစ်များစွာရှိသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသော ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။


ယခု စီမံကိန်းပြီးပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပင်မတမံရေဝပ် ဧရိယာအတွင်းကျရောက်သဖြင့် ရွှေ့ပြောင်းပြန်လည်နေရာချထားရသည့် ကျေးရွာများမှ မိသားစုများ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အအုံ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှု၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ သိုလှောင်ရုံဝင်းအတွင်း ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။


အဆိုပါစီမံကိန်းသည် ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် တည်ရှိပြီးရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးက တာဝန်ယူတည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည်။


ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ)ဖြစ်ကာ ကန်ရေပြည့်ရေသိုလှောင် ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်ကြောင်း၊ ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ဒသမ ၆၄ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ နှစ်ကုန်တွင် ၇၆ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)