MNP - ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှရရှိသော စာပေ၏ အကျိုးကျေးဇူးအကြောင်းများ သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျူးပြသနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းနေ့တွင်ပြန်လည်ရယူနိုင်ခဲ့ကြောင်းသိရှိစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/ကျောင်းသူများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်လိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ်အကြောင်းအရာများနှင့် ပင်လုံစာချုပ်ချုပ်ဆိုရာတွင်ပါဝင်ခဲ့သော ခေါင်းဆောင်များ၏မှတ်တမ်းများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကိုပြသပေးခြင်း၊ စာပေ၏အကျိုးကျေးဇူးအကြောင်းသိရှိစေရန် စာအုပ်စာစောင်ပြပွဲကိုဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ဆေးရောင်ခြယ်ခြင်း၊ ပူပေါင်းဖောက်ခြင်းနှင့် ဘိုးလိင်းပစ်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment