MNP - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မအီနယ်မြေမီးသတ်စခန်းနှင့် ပူးပေါင်း၍ မြို့မဈေးအပြင်ဘက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့မဈေးအပြင်ဘက် မအီ<--->ချက်ဖောက်လမ်းပေါ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မအီနယ်မြေမီးသတ်စခန်းမှ ဦးစီးမှူးဦးစောကျော်လင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဈေးသူဈေးသားများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ရောက်ရှိလာကြသည့်ပြည်သူများအား မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်သရုပ်ပြသခြင်း၊ အောက်ဆီဂျင်လေကိုဖြတ်တောက်၍ မီးငြိမ်းသတ်ခြင်းများဆောင်ရွက်၍ ဈေးသူဈေးသားများအား လက်တွေ့ပြုလုပ်ဆောင်ရွက်စေခြင်းများကို လေ့ကျင့်ပေးခဲ့သည်။
အဆိုပါ မီးငြိမ်းသတ်သရုပ်ပြခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းများဆောင်ရွက်ခြင်းကို မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မအီနယ်မြေမီးသတ်စခန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဖော်ပြပါ လက်တွေ့သရုပ်ပြခြင်းသို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost




No comments:
Post a Comment