ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေး





MNP  -  ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ နံနက် (၈) နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား သည်။


ထို့သို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသည့် အနာဂတ် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ယခုလိုကျောင်းဖွင့်ကာလတွင် အားကစားနည်းမျိုးစုံကို ကျင်းပ ပြုလုပ်ခြင်းအားဖြင့် မိမိတို့ပြည်နယ်၏ အားကစားကဏ္ဍပါ စဉ်ဆက်မပြတ် တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွက် အားကိုးအား ထားပြုနိုင်သည့် ပြည်နယ်လက်ရွေးစင်များမှ တစ်ဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကိုပါ ယခုလိုပြိုင်ပွဲများမှ ရှာဖွေဖော်ထုတ်သွားနိုင်မည်ပြီး နည်းစနစ်မှန်ကန်အောင် စနစ်တကျ စခန်းသွင်း လေ့ကျင့်ပေးခြင်းဖြင့် ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာမည်ဖြစ်ပါကြောင်း တိုက်တွန်း အားပေးပြောကြားသည်။


ထို့နောက် ပြိုင်ပွဲဝင် မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ် ၁၄ ခုမှ အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်း (၂၄)သင်းတို့က အားကစားအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ကျောင်းသားဟောင်း ဦးဘရန်မွန်းက ပြိုင်ပွဲအတွက် အလှူ‌ငွေများကို ထောက်ပံ့ပေးအပ်ရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက လက်ခံရယူသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အတူ အမျိုးသား ဘော်လီဘောပွဲစဉ်အဖြစ် သမိုင်းဘာသာ နှင့် ဘူမိဗေဒဘာသာရပ်အသင်းပြိုင်ပွဲ၊ အမျိုးသမီး ပွဲစဉ်အဖြစ် သမိုင်းနှင့် ပထဝီ၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာရပ် အသင်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ချီးမြှင့် ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပလာစေရေးအတွက် ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံတပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အရပ်ဘက်လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံ အားကစားခန်းမနှင့် တက္ကသိုလ်ဘောလုံး ကွင်း ပတ်ဝန်းကျင်များတွင်လည်းကောင်း၊ တက္ကသိုလ် မိန်းလမ်းမတစ်လျှောက်တွင် လည်းကောင်း သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေသူများအား မုန့်နှင့် ရေသန့်ဘူးများကို လိုက်လံဝေငှပေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း ရွှေမိုးတောင် ဆုတောင်းပြည့် စေတီတော်ပုရဝဏ်နှင့် တောင်အတက်/အဆင်း လမ်းမတစ်လျှောက်တို့တွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အရပ်ဘက်လူမှုကူညီရေးအသင်း အဖွဲ့များ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အများပြည်သူ အပန်းဖြေနေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရန်ကြီးအောင် ရပ်ကွက်အတွင်း ရှိ သမိုင်းဝင်အံ့တော်ရှင်စေတီတော်ပုရဝုဏ်နှင့် စေတီတော်ဝင်းအတွင်းနှင့် အပြင်တို့တွင် လည်းကောင်း ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ နယ်မြေခံတပ်မတော်သား မိသားစုများ၊ အရပ်ဖက်လူမှုကူညီရေးအသင်း အဖွဲ့များ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မုန့်နှင့်‌ ရေသန့်ဘူး များ၊ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)