မအီမြို့ ဆံထုံးကျေးရွာတွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့ ဆံထုံးကျေးရွာတွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်





MNP   -  ဖေဖော်ဝါရီ   ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်တွင် တောတောင်များကို အမှီပြုနေထိုင်ကြသည့် လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာ ကျေးလက်နေပြည်သူများအား ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးအတွက် ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ တောင်ကုတ်မြို့နယ်အခြေစိုက် ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့(URC)နှင့် မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ငှက်ဖျားရောဂါအဖြစ်များသည့် တောတောင်ဒေသကို အမှီပြုနေထိုင်လျက် အသက်မွေးဝမ်းကျောင်းပြုကြသော ကျေးလက်ဒေသနေ ပြည်သူများကို ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့(URC)မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရောက်ရှိလာကြသည့် ရွာသူရွာသား(၇၈)ဦးအား ငှက်ဖျားသွေးဖောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ရွာသား(၂)ဦးတို့တွင် ငှက်ဖျားပိုးတွေ့ရှိခဲ့သည်။ 


ဆက်လက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဟောပြောရာတွင်  ငှက်ဖျားရောဂါမှာ ခြင်ကိုက်ခြင်းမှဖြစ်ပွားတတ်သည့်အတွက် ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ခြင်နိုင်ဆေးခွေထွန်း၍ ကာကွယ်ခြင်း၊ နေ့ခင်းနေ့လယ်တို့တွင် ကလေးများကို ခြင်နိုင်ဆေးလိမ်း၍ ထားရှိခြင်း စသည့် ငှက်ဖျားရောဂါ ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး ကျေးရွာအတွင်းရှိ နာမကျန်းသည့် သက်ကြီးရွယ်အိုများနှင့် ရွာသူရွာသားများအား အခြားကျန်းမာရေးစောင့်ရှောက်မှုများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ခြင်းများဆောင်ရွက်ရာ၌ လက်ပံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းတင်နှင့် ဆံထုံးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)