မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ



MNP  -   ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့  နံနက် ၉ နာရီ ၃၀ အချိန်က မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိ လိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူ ခံရမည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါ သည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဖြင့်မျှတစွာ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများ ဖြင့်သာ အကောင်အထည်ဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်နှင့် ဥပဒေမူဘောင်ခိုင်မာရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပြီး ဥပဒေ ရည်ရွယ်ချက်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင်၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ပိုမိုထိရောက် လွှမ်းခြုံဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ Corruption Prevention Unit - CPU များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန/အဖွဲ့အစည်း (၃၈) ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ အစိုးရအဖွဲ့ များတွင် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်အတွက် ကျင့်ဝတ်များ ထိန်းသိမ်းလိုက်နာစေရန်နှင့် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ EDU-entertainment အစီအစဉ်များကိုလည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ကော်မရှင်နှင့် အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။


ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ကချင်ပြည်နယ် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များအား ဆက်လက်ပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)