MNP - ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ စစ်တွေမြို့နယ်မှ မြို့မိ၊မြို့ဖများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့်လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက မိမိတို့အသင်းအဖွဲ့အလိုက် လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ယခုကဲ့သို့ ဒေသလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သို့မှသာ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လက်တွဲညီညီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ် ငန်းများသည်ရှိနေပြီးဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက်၊ ခရိုင်အလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်းရှိနေပါကြောင်း၊ ထိုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ တစ်ခုကိုတစ်ခု အပြန်အလှန် အထောက်အကူပြုလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အခွင့်အခါကောင်းရှိသောအချိန်အခါတွင် မိမိတို့အစိုးရအဖွဲ့အပြင် အားလုံးပူးပေါင်းပါဝင်ပြီး လက်တွဲညီညီဖြင့် ဆောင်ရွက်သွားကြမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှုများရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေမြို့၊ မြို့မိ၊ မြို့ဖအဖွဲ့ဝင်များ၊ စစ်တွေမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment