ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများ လှည့်လည်ကြည့်ရှု၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံ၌ ဆရာဝန်ကြီးများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများ လှည့်လည်ကြည့်ရှု၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံ၌ ဆရာဝန်ကြီးများနှင့်တွေ့ဆုံ


MNP  -    ဖေဖော်ဝါရီ ၂၆

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများသို့ သွားရောက်ကြည့်ရှုပြီး စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။


ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုပြီး တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသခံနေကြသည့် လူနာများအားလှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ FDA ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုနှင့် စစ်တွေဆေးရုံကြီး လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မိမိတို့ ဌာနအလိုက်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးကပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၊ ဖျားနာဆေးကုသဆောင်၊ ကလေးလူနာကုသဆောင်၊ မျက်စိလူနာကုသဆောင်၊ နားနှာခေါင်းလည်ချောင်းလူနာကုသဆောင်နှင့် ကျောက်ကပ်သန့်စင်ဌာနတို့ကို လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)