မိုးကောင်းမြို့ လွဲလောကျေးရွာ ရွာဦးဆုတောင်းပြည့်စေတီတော်ကြီးအား ရွှေထီးတော်တင်လှူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့ လွဲလောကျေးရွာ ရွာဦးဆုတောင်းပြည့်စေတီတော်ကြီးအား ရွှေထီးတော်တင်လှူပွဲ ကျင်းပ


MNP  -  ဖေဖော်ဝါရီ ၂၇    

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲလောကျေးရွာ၌ တည်ထားကိုးကွယ်တော်မူအပ်သော ဉာဏ်တော် (၂၄)တောင်အမြင့်ရှိ “ရွာဦးဆုတောင်းပြည့်စေတီ” အား ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။


ပထမပိုင်းအစီအစဉ်အဖြစ် အခမ်းအနားကို လွဲလောကျောင်းတိုက်၌ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တက်ရောက်လာ သောအလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရတနာသုံးပါးကန်တော့၍ ဆားမှော် အောင်မင်္ဂလာဆရာတော်ထံ ငါးပါးသီလခံယူ တည်ဆောက်ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော်တို့က မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဖတ်ချီးမြှင့်ပြီး ဆားမှော် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်က ဩဝါဒနှင့်အနုမောဒနာကထာ ချီးမြှင့်တော်မူသည်။


ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမတို့က စိန်ဖူးတော်နှင့် ရွှေထီးတော်များဆက်ကပ် လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ရွှေထီးတော်တင် ဒုတိယပိုင်းအစီအစဉ်အဖြစ် ဆက်လက်ကျင်းပရာ ဘုရားဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ရွှေထီးတော်များကို ရွာဦးဆုတောင်းပြည့်စေတီအား လက်ယာရစ် (၃)ပတ် လှည့်လည်ပူဇော်ပြီး ဆရာတော်၊ သံဃာတော်တို့က ဇယန္တော ဗောဓိယာ စသော အောင်ဂါထာဖြင့် ရွတ်ဆိုပူဇော်ပြီး အမွေးနံသာရေများ ဆွတ်ဖြန်းသည်။


ယင်းနောက် ရွှေထီးတော်နှင့် စိန်ဖူးတော်တို့ကို ဘုံစဉ်အလိုက်တင်လှူပူဇော်ကြပြီး ရွှေမိုးငွေမိုး ရွာသွန်းကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို အခမ်းအနားအောင်မြင်ခဲ့ကြောင်း သိရသည်။


သန်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)