MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်ပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးမှ မျိုးစေ့ထုတ်လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သာမန်ဆောင်ရွက်ရုံနှင့် မလုံလောက်ကြောင်း၊ နည်းပညာသိမ်မွေ့နက်နဲကြောင်း အထူးသဖြင့် အဖိုလိုင်း၊ အမလိုင်းပန်းပွင့်ချိန်တူညီစေရန် အထူးလိုအပ်ကြောင်းသို့မှသာ ဝတ်မှုန်ကူးခြင်းပြည့်ဝ အောင်မြင်မှာဖြစ်ကြောင်း လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မိုးမိုးစိုး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးကနေဒီထွန်း၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံဒေါ်ရီဌေးတို့မှ ကဏ္ဍာအလိုက် ရေဆင်း(၁) စပ်မျိုး နေကြာအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရန် ပညာပေးသင်တန်းကို စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သီတာအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment