ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို အခွင့်အရေးတွေ ပေးနေသလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို အခွင့်အရေးတွေ ပေးနေသလား



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်ဆိုသလို ကျူးလွန်နေသည့်တိုင်အောင် ဖျက်သိမ်းခြင်းမခံရပါဘူး။ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ဒီလိုအခွင့်အရေးမျိုးရဖို့ မလွယ်ပါဘူး။ NLD မို့လို့ အခုလို အခွင့်အရေးတွေ ပေးထားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီ အနေနဲ့ မဲလိမ် မဲခိုးမှုတွေကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းလမ်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက်ကြောင့် ကာ/လုံအစည်းအဝေးခေါ်ယူပြီး နောက်မှာ ပုဒ်မ (၄၁၈)အရ နိုင်ငံတော်သမ္မတ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန် အာဏာအရပ်ရပ်ကို လွှဲအပ်ခဲ့ခြင်းဖြစ်ပါတယ်။

တပ်မတော်က အာဏာလွှဲပြောင်းရယူပြီး လပိုင်းအတွင်းမှာပဲ အာဏာလက်မဲ့ဖြစ်သွားခဲ့တဲ့ NLD ဦးဆောင်သူတွေက သူတို့ရဲ့ မဲလိမ်မဲခိုးလုပ်ရပ်တွေကို လိမ်ညာဖုံးကွယ်ပြီး CRPH, NUG အစရှိတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ သူတို့ကို ထောက်ခံအားပေးတဲ့ သူတွေကို PDF ဆိုပြီး ထပ်မံဖွဲ့စည်းပေးခဲ့ပြီးတော့ သူတို့ကို မထောက်ခံတဲ့ ပြည်သူမှန်သမျှကို ပစ်မှတ်ထားရန်ရှာကာ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အထူးအားဖြင့် USDP ပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပြီး စာရင်းများအရ NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG ရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ USDP ပါတီဝင်နဲ့ ဝန်းရံသူ ၂၀၀၀ ကျော် အထိ သေဆုံးခဲ့ရပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေဟာ USDP ပါတီဝင်တွေကိုသာ ပစ်မှတ်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး။ NLD ရဲ့ လုပ်ရပ်မှားတွေအပေါ် အစဉ်သဖြင့် ဝေဖန်ထောက်ပြခဲ့ကြတဲ့ အမျိုးသားရေးလှုပ်ရှားသူများနဲ့ အခြားသောပါတီဝင်များကိုလည်း ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေကတော့ သံဃာတော်များ၊ ဆရာ/ဆရာမများ နဲ့ ကလေးသူငယ်ပါမချန် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ထိုကဲ့သို့သော အကြမ်းဖက်လှုပ်ရှားမှုများကြောင့် ၂၀၂၁ခုနှစ်၊ မေလ (၈)ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ  လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သဘောတူညီချက်ဖြင့် CRPH ၊ NUG ၊ PDF အဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂ဝ၂၁ ဖြင့် သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုကြေညာပြီး ကာလအတန်ကြာသည်အထိလည်း NLD ပါတီနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာအရေးယူဆောင်ရွက်မှု မပြုခဲ့ပါဘူး။ NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က စစ်ဆေးစဉ်အချိန်မှာလည်း စစ်ဆေးခံခြင်း မရှိခဲ့ပါဘူး။ ဥပဒေမဲ့ လုပ်ရပ်တွေကို ဆက်တိုက်ဆိုသလို ကျူးလွန်နေသည့်တိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က NLD ပါတီနဲ့ ပတ်သက်လို့ မေးခွန်းထုတ်သည့်အခါတိုင်း စစ်ဆေးဆောင်ရွက်နေကြောင်းဖြင့်သာ ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ အဓိကအားဖြင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ အဓိက ရှင်းလင်းတာ ဖြစ်ပါတယ်။ သတင်းမှန် ပြန်ကြားရေးအဖွဲ့က NLD က ဖွဲ့စည်းထားတဲ့ CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရှင်းလင်းပြောကြားသည့်တိုင်အောင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ တာဝန်ရှိသူကတော့ CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေဟာဖြင့် NLD နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့သဘော ဝေ့ဝိုက်ဖြေကြားခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ နစကအစိုးရ ရဲ့ သတင်းမှန်ပြန်ကြားရေးက ဖော်ပြတဲ့ အချက်အလက်တွေကို နစကအစိုးရလက်ထက်မှာဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်မပြုဘူးဆိုတဲ့သဘောကို ပြဆိုခဲ့ပါတယ်။

စာရေးသူအနေနဲ့ NLD ပါတီနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ရခြင်းဟာလည်း ဥပဒေစိုးမိုးရေးကို ပြောကြလွန်းလို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်နေခြင်းကြောင့်သာ မေးခွန်းထုတ်ရခြင်း ဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးကို ပြောတဲ့နေရာမှာတော့ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ NLD ဦးဆောင်သူတွေက နစက ဦးဆောင်သူတွေထက် သာပါတယ်။ အပြောမှာ သာလွန်ခြင်းပါ။ လက်တွေ့မှာတော့ ဥပဒေမဲ့ လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်ပဲ အာဏာအလွဲသုံးစားလုပ်ပြီး ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတဲ့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀(စ)) အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည် ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ ဖြစ်သလို CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုများ ရှိနေခြင်းကြောင့် သက်တမ်းတိုးမြှင့်ခဲ့ရခြင်းဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တာဝန်ရှိသူတွေရဲ့ မသိကျိုးကျွန်ပြုမှုက ပြည်သူတွေကြားမှာ ဥပဒေကို လိုသလို အသုံးချနေသလားဆိုတဲ့ အမြင်မျိုးတွေ ဖြစ်ပေါ်လာစေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (နိုင်ငံရေးပါတီများဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း) ပုဒ်မ ၄၀၇(ခ) အရ နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊

NLD ပါတီဟာ ပုဒ်မ ၄၀၇ (ဂ) နဲ့ ငြိစွန်းတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ပို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊

ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပေမယ့် အများပြည်သူ တိတိကျကျ သိရှိနိုင်အောင် တာဝန်ရှိသူတွေက ဘာမှ ချပြရှင်းလင်းခဲ့တာမျိုး မရှိပါဘူး။

NLD ပါတီက ကျူးလွန်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပါတယ်။ NLD ပါတီက ဖွဲ့စည်းထားတဲ့ CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် ဆူပူအကြမ်းဖက် လုပ်ရပ်တွေကြောင့် တပ်မတော် တစ်နှစ်သာ အာဏာလွှဲအပ်ခဲ့တဲ့အခြေအနေကနေ (၆)လ နှစ်ကြိမ်သက်တမ်းတိုးခဲ့ရပါတယ်။ CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် ဆူပူအကြမ်းဖက် လုပ်ရပ်တွေက လျော့ကျမသွားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မြင့်တက်လာတဲ့ သဘောကိုလည်း တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစိုးရ သက်တမ်း ၂နှစ်ပြည့်ပြီး ထွက်ပေါ်လာတဲ့ သတင်းများအရ CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများ၊ ဆရာ/ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ ၅၄၄၃ ဦး အထိ သေဆုံးခဲ့ရပါတယ်။ အခု နောက်ပိုင်း ထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်၊ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုတွေ မပါသေးပါဘူး။

တိုင်းပြည်နဲ့ လူထုအပေါ်မှာ အလွန်အမင်း ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ ပါတီတစ်ခုကို ဘာကြောင့် ဖျက်သိမ်းခြင်း မပြုတာလဲ။ မေးခွန်းထုတ်သူသာ ရှိပြီး အဖြေပေးမယ့်သူ မရှိပါဘူး။ အဖြေပေးမယ့်သူတွေက ဝေ့ဝိုက်နေတဲ့အတွက်ကြောင့် မေးရသူကတောင် ရှက်ရွံ့လာပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့ က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေမှာ ပါရှိတဲ့ ပုဒ်မ ၂၅ အရ "နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂/၂၀၁၀) အရ တည်ရှိနေသော နိုင်ငံရေးပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဤဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်သည် ဟု မှတ်ယူရမည်။" လို့ ပြဋ္ဌာန်းပါရှိပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ထွက်ပေါ်လာပြီးချိန်မှာ တချို့သော နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားနေကြပြီဖြစ်ပါတယ်။ တချို့သော နိုင်ငံရေးပါတီများအနေနဲ့ကတော့ ဥပဒေသတ်မှတ်ချက်ပါပြဋ္ဌာန်းချက်များနဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ရာ အခက်တွေ့နိုင်တဲ့ ပါတီတွေလည်း ရှိနေပါတယ်။ ဒီပါတီတွေအနေနဲ့ ပြန်လည် မှတ်ပုံတင်ခြင်း မရှိဘူးဆိုရင် အလိုအလျောက် ပျက်ပြယ်မယ့် သဘောရှိနေပါတယ်။ CRPH ၊ NUG ၊ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး အလုံးစုံပျက်သုဉ်းရေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ NLD ပါတီကရော အလိုအလျှောက် ပျက်ပြည်မယ့် ပါတီလား။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကတော့ NLD ကို ရက်ပေါင်း (၆၀) အချိန်ပေးထားပါတယ်။

NLD ဦးဆောင်သူများဖွဲ့စည်းထားတဲ့ CRPH ၊ NUG အဖွဲ့ဝင်များကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ တရားဝင်ပြန်လည် ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာကို သိရှိနားလည်ထားပြီးဖြစ်သည့်အလျှောက် ပါတီကို တရားဝင်မှတ်ပုံတင်ဖို့ စီစဉ်ဆောင်ရွက်တဲ့ သတင်းစကား မမြင်ရ မတွေ့ရတဲ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးကြဖို့ အရှိန်အဟုန်မြှင့်ပြီး လှုံ့ဆော်နေတာကိုသာ တွေ့ရှိရပါတယ်။ 

ဒီမိုကရေစီအရည်ခြုံပြီး ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာခြင်းမရှိသော၊ တိုင်းပြည်နဲ့ လူထုအပေါ် အလွန်းအမင်း ယုတ်မာရိုင်းစိုင်းခဲ့သော ပါတီတစ်ခုကို ရှင်သန်ခွင့်ပေးထားခြင်းဟာ တိုင်းရင်းသားပြည်သူလူထုအတွက် ကောင်းကျိုးဖြစ်စရာ အကြောင်းအမြင်ဘဲ ယုတ်မာ ရိုင်းစိုင်း ရက်စက်လွန်းတဲ့ ဆိုးကျိုးနောက်ဆက်တွဲတွေဟာ ဖြစ်လာမယ့်အပေါ်မှာ ပါတီတစ်ခုကို အခွင့်ထူးခံအဖြစ် အလွန်အမင်း အခွင့်အရေးပေးလွန်သူများမှာ တာဝန်ရှိတယ်လို့ မှတ်ယူပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)