နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများ (USDP) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများ (USDP)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို ၂၆-၁-၂၀၂၃ ရက်နေ့က ထုတ်ပြန်အပြီးမှာ ယခင်ကဥပဒေအရ တည်ရှိနေတဲ့ ပါတီများဟာလည်း ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါရှိပြီး ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

ဥပဒေအသစ် ထုတ်ပြန်ပြီး နောက် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှု (၄)ခု ရှိပါပြီ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD )၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) တို့ဖြစ်ကြပါတယ်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ နိုင်င့ရေးပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အထဲမှာ ပထမဆုံး လျှောက်ထားခဲ့တဲ့ USDP ပါတီရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ USDP ပါတီရဲ့ မူဝါဒတွေမှာတော့ -

(က)     အမျိုးသားရေးမူဝါဒ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကို ထာဝစဉ် ဦးထိပ်ထားမည်။


( ခ)နိုင်ငံရေးမူဝါဒ။  အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်။

( ဂ)စီပွားရေးမူဝါဒ။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်။


(ဃ) နိုင်ငံခြားရေးမူဝါဒ။ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်။ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်နှင့်အညီ ဆောင်ရွက်မည်။


( င) ကာကွယ်ရေးမူဝါဒ။ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ အပြည့်အ၀ ကာကွယ်နိုင်စွမ်းရှိအောင် ကြိုးပမ်း ဆောင် ရွက်သွားမည်။


( စ) လူ့အခွင့်အရေးဆိုင်ရာမူဝါဒ။ အခြေခံဥပဒေနှင့် အညီနိုင်ငံသားတိုင်း၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အာမခံမည်။


(ဆ) တိုင်းရင်းသားရေးဆိုင်ရာမူဝါဒ။ တိုင်းရင်းသာစည်းလုံးညီညွတ်ရေးကို အလေးထားမည်။ အခြေခံဥပဒေနှင့်အညီ တိုင်းရင်း သားများ၏ အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။


( ဇ) တောင်သူလယ်သမားရေးဆိုင်ရာမူဝါဒ။ ထောင်သူလယ်သမားများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင် ရွက်မည်။ ” လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်” ကိုအာမခံမည်။

( ဈ) အလုပ်သမားရေးဆိုင်ရာမူဝါဒ။ အလုပ်သမားများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မည်။ အခြေခံ ဥပဒေနှင့်အညီ အလုပ်သမားများ၏ အခွင့်ရေးများကို အပြည့်အ၀ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။


(ည) ဘာသာရေးဆိုင်ရာမူဝါဒ။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို အာမခံမည်။


( ဋ) ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ။ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည်။

( ဌ) ပညာရေးမူဝါဒ။ ပညာရေးကို နိုင်ငံတကာအဆင့်မီ မြင့်မားအောင် ဆောင်ရွက်မည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေး အားပေးမြှင့်တင်အောင်ရွက်မည်။


( ဍ) ကျန်းမာရေးမူဝါဒ။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

( ဎ) ယဉ်ကျေးမှုဆိုင်ရာမူဝါဒ။ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်ဆောင် ထိန်းသိမ်းမြှင့်တင်သွားမည်။

အထက်ဖော်ပြပါ အချက် (၁၄)ချက်ကတော့ USDP ပါတီရဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်။ 

USDP အနေနဲ့ -

(က) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး နှင့် အဓွန့်ရှည်တိုးတက် တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်။ 

(ခ) ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးရေးတို့အား အမျိုးသားရေးမှုဝါဒအဖြစ်အလေးအနက် ခံယူကျင့်သုံး ဖော်ဆောင် သွားမည်။ 

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အစဉ်ရှေးရှု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။ ပါတီ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားယှဉ်လာလျှင် နိုင်ငံတော် အကျိုးစီးပွားကို ဦးစား ပေးသွားမည်။ 

(ဃ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို ထာဝစဉ် စောင့်သိရိုသေလျက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးကဏ္ဍများ စဉ်ဆက်မပြတ် ဘက်စုံတိုးတက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်မည်။ 

(င) နိုင်ငံသားများအတွင်း စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထာဝစဉ် ရှင်သန်ထွန်းကားရေးအတွက် စည်းရုံးကြိုးပမ်း ဆောင်ရွက်မည်။ 

(စ) ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားလျက် ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မှုဝါဒနှင့် လုပ်ငန်းစဉ်များအား အသက်ဟူသော အကြောင်းကြောင့်ပင် မစွန့်လွတ်ဘဲ ရဲဝံ့ တည်ကြည်သော စိတ်ဓာတ်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်မြင်အောင် ခံယူကျင့်သုံး ကြိုးပမ်းဖော်ဆောင်သွားမည်။

အစရှိတဲ့ သန္နိဋ္ဌာန် (၆)ချက် ချမှတ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ 


မူဝါဒတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်များမှာ -

အမျိုးသားရေးလုပ်ငန်းစဉ်။      ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်မည်-


(က) ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် အခြေခံဥပဒေပါ  “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ” ဆိုသည့် ဥပဒေစည်းနှောင်မှု (Legal Binding) ပြဌာန်းချက်ကို အလေးအနက်ကိုင်စွဲမည်။

(ခ)  ဥပဒေဆိုင်ရာ စည်းနှောင်မှုကို အားဖြည့်နိုင်ရန်အတွက် တိုင်းရင်းသားများ၏ ဒေသအားလုံးကို လူမှုစီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးမည်။

(ဂ) အထက်ပါ အချက်နှစ်ချက်ကို အားဖြည့်နိုင်ရန်အတွက် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထွန်းကားအောင် စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများ ဆောင်ရွက်သွားမည်။

နိုင်ငံရေး လုပ်ငန်းစဉ်။ နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်နှင့် အနှစ်သာရရှိရှိ ကျင့်သုံးနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-

(က) ယခင်ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်က အားသာ အားနည်းချက်များကို ဖော်ထုတ်ပြီး ပါတီစုံဒီမိုကရေစီစနစ်အား မှန်မှန်ကန်ကန်နှင့် အနှစ်သာရရှိရှိ ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမည်။

(ခ) မြန်မာလူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှုနှင့် တာဝန်ရှိမှုကို ဟန်ချက်ညီညီ ကျင့်သုံးသည့် ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဆောင်ရွက်သွားမည်။

(ဂ) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေး သတ်မှတ်ချက်များနှင့်အညီ လူ့အခွင့်အရေးများ ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်သွားမည်။

(ဃ) နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို ပိုင်းခြားသုံးစွဲခြင်း၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းများ ဆောင်ရွက်သွားမည်။

(င) ၎င်း ခက်မသုံးဖြာ တည့်မတ်မှန်ကန်အောင် ထိန်းကျောင်းပေးရမည့် စတုတ္ထမဏ္ဍိုင် ဖြစ်သော မီဒီယာကဏ္ဍအနေဖြင့် အမျိုးသား အကျိုးစီးပွားကို အခြေခံဆောင်ရွက်စေရေး ကြိုးပမ်းပျိုးထောင်သွားမည်။

(စ) ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် အဓိကအကျဆုံးဖြစ်သော ပြည်သူလူထု၏ လူ့စွမ်းအား အရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ဆောင်ရွက်မည်။


ကာကွယ်ရေးလုပ်ငန်းစဉ်။ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ အပြည့်အ၀ ကာကွယ်နိုင်စွမ်းရှိအောင် အောက်ပါအတိုင်း ကြိုးပမ်းဆောင်ရွက်သွားမည်-


(က) တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် ဖြစ်အောင် တည်ဆောက်မည်။

(ခ) နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်အောင် စီမံဆောင်ရွက်သွားမည်။

(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကကျသည့် နိုင်ငံရေးစွမ်းအား (Political Might) ၊ စီးပွားရေးစွမ်းအား (Economic Might) နှင့် ကာကွယ်ရေးစွမ်းအား (Military Might) တို့ကို ခိုင်မာအောင် တည်ဆောက်သွားမည်။

(ဃ) နိုင်ငံတော်ကို ကာကွယ်ရာတွင် အထက်ပါ စွမ်းအားများအပြင် သံတမန်နည်းလမ်းကို အသုံးပြုပြီး နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံအားပေးမှုကိုပါ ရရှိအောင် ဖော်ဆောင်သွားမည်။


စီးပွားရေးလုပ်ငန်းစဉ်။ နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ထွန်းလာရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-

(က) နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်း၊ သမဝါယမ၊ ပုဂ္ဂလိက စသည့် စီးပွားရေး အင်အားစုအားလုံး စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိအောင် ဆောင်ရွက်သွားမည်။

(ခ) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အားပေး ကူညီသွားမည်။

(ဂ) ဈေးကွက်စီးပွားရေးစနစ်တွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းအား ပျက်ပြားစေမည့် တစ်ဦးတစ်ယောက်ကဖြစ်စေ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်း ဈေးကစားခြင်း စသည့် လုပ်ဆောင်မှုများကို တားဆီးကာကွယ်သွားမည်။

(ဃ) တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအတွက် လိုအပ်သော အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေးတို့ကို ကူညီပံ့ပိုး ဆောင်ရွက်သွားမည်။ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအား ပြည်ပစီးပွားရေး လုပ်ငန်းများနှင့်ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးအတွက် ကူညီဆောင်ရွက်သွားမည်။

(င) နိုင်ငံတော်၏ စီးပွားရေးအခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် လိုအပ်သော ဥပဒေများ ပြဌာန်းရေး၊ ဥပဒေများ ပြင်ဆင်ရေးတို့ကို အားထုတ်ဆောင်ရွက်သွားမည်။

(စ) ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်နှုန်း ကွာခြားမှုမျာကို လျှော့ချနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည်။

(ဆ) ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်။

(ဇ) ပြည်သူလူထု စားဝတ်နေရေး ဖူလုံမှုနှင့် လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် လိုအပ်သော အလုပ်အကိုင် အခွင့်အလမ်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ ငွေကြေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး စသည့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်။

(ဈ) ပြည်သူများ၏ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ကာကွယ်ပေးသွားမည်။

(ည) တရားဝင်ထုတ်ဝေထားသော ငွေကြေးများနှင့် စပ်လျဉ်း၍ အာမခံသွားမည်။


နိုင်ငံခြားရေးလုပ်ငန်းစဉ်။ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနိုင်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်နှင့်အညီ နိုင်ငံတကာ ဆက်ဆံရေးကို ကျင့်သုံးမည်။

(ခ) ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အာဆီယံနှင့် ဒေသတွင်း အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံမှ တက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမည်။

(ဂ) နိုင်ငံတကာ မျက်နှာစာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် ကျန်ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(ဃ) တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ထောင်စုနှစ် ရည်မှန်းချက်များ အောင်မြင်ရေး ကိစ္စရပ်များတွင် ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။

(င) နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် တည်ငြိမ်လုံခြုံမှုကို ထိပါးစေနိုင်မည့် အကြမ်းဖက်ဝါဒနှင့် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လာမည့် နယ်ချဲ့ဝါဒတို့ကို ဆန့်ကျင်တွန်းလှန်သွားမည်။

(စ) အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်သွားမည်။


လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းစဉ်။ ပြည်သူများအနေဖြင့် အောက်ပါအခွင့်အရေးများကို အခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမည်-


(က) လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်။

(ခ) လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်။

(ဂ) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်။

(ဃ) အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်။

(င) ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်။

(စ) ပညာသင်ကြားခွင့်။

(ဆ) နိုင်ငံသားတို့၏ မူလအခွင့်အရေးများ။


တိုင်းရင်းသားရေးဆိုင်ရာ လုပ်ငန်းစဉ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်။

(ခ) တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်သွားမည်။

(ဂ) တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ အပြန်အလှန် နားလည်ယုံကြည်မှု တည်ဆောက်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။

(ဃ) အုပ်ချုပ်ရေးယန္တရားနှင့် ပါတီ အဖွဲ့အစည်း အဆင့်အဆင့်တွင် တိုင်းရင်းသားများအားလုံး လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ မခွဲခြားဘဲပါဝင်နိုင်အောင် ဆောင်ရွက်သွားမည်။

(င) အခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ အခွင့်အရေးများ အပြည့်အ၀ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။


တောင်သူလယ်သမားရေးဆိုင်ရာ လုပ်ငန်းစဉ်။ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) လယ်လုပ်သူ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိရေးကို အာမခံမည်။

(ခ) လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့် ရရှိအောင် ဆောင်ရွက်သွားမည်။

(ဂ) တောင်သူလယ်သမားများ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ဆောင်သူများ၏ အခွင့်အရေးကို ကာကွယ်သည့် ဥပဒေများကို ခေတ်နှင့်အညီ ဖြစ်စေရန် ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်။

(ဃ) တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် လယ်ယာထွက်ကုန်များ သင့်လျော်သည့် ဈေးနှုန်း ရရှိရေး ဆောင်ရွက်သွားမည်။

(င) လယ်ယာထွက်ကုန်များအတွက် ပြည်ပပို့ကုန် ဈေးကွက်များ ချဲ့ထွင်ပေးသွားမည်။

(စ) လယ်ယာထွက်ကုန်များ၏ အရည်အသွေးမြင့်မားရေးနှင့် လေလွင့်ဆုံးရှုံးမှု လျော့ပါးရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေတ်မီတိုးတက်အောင် ဆောင်ရွက်သွားမည်။

(ဆ) ခေတ်မီစိုက်ပျိုးရေး နည်းပညာများ၊ လယ်ယာသုံး စက်မှုနည်းပညာများကို တောင်သူ လယ်သမားများ အကုန်အကျ သက်သာစွာဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်။

(ဇ) စိုက်ပျိုးရေးစရိတ် အရင်းအနှီးများကို လုံလောက်စွာ ရရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်။


အလုပ်သမားရေးရာ လုပ်ငန်းစဉ်။ အလုပ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) အလုပ်သမားအားလုံး လူမှုဖူလုံရေးခံစားခွင့် ပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

(ခ) အလုပ်သမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် ဥပဒေများ ခေတ်နှင့်အညီ ဖြစ်စေရန် ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်။

(ဂ) အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို ဖြစ်ပေါ်နေသည့် လူနေမှုစရိတ်နှင့် လိုက်လျောညီထွေရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်။


ဘာသာရေးဆိုင်ရာ လုပ်ငန်းစဉ်။ ဘာသာရေးနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) အခြားဘာသာ၊ သာသနာကို ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိယုံကြည်ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိအောင် အခြေခံဥပဒေနှင့်အညီ အကောင်အထည်ဖော်သွားမည်။

(ခ) ကိုးကွယ်သည့် ဘာသာ၊ သာသနာကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုမရှိအောင် ဆောင်ရွက်သွားမည်။

(ဂ) ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ် အသုံးချခြင်းမှ ရှောင်ကြဉ်သွားမည်။

(ဃ) ဘာသာ၊ သာသနာ အချင်းချင်း နားလည်သင့်မြတ် ချစ်ကြည်မှုကို အားပေးသွားမည်။


ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်။ ပါတီသည် ကျန်ပါတီများ၊ အဖွဲ့အစည်းများ၊ အင်အားစုများနှင့် ပူးပေါင်းပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) တရားဝင်ပါတီ၊ အဖွဲ့အစည်း၊ အင်အားစုများအားလုံးကို အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထား၍ ဆက်ဆံသွားမည်။

(ခ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမည်။

(ဂ) လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်နှင့် အပြန်အလှန် လေးစားမှုရှိသော ဒီမိုကရေစီကျင့်စဉ်ပေါ်တွင် အခြေခံပြီး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်။

(ဃ) မိမိပါတီ အာဏာရရှိရေးထက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားသည့် အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်သွားမည်။


ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်။ မြန်မာနိုင်ငံ ပညာရေးစနစ်ကို နိုင်ငံတကာ အဆင့်မီစေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) အခမဲ့ မသင်မနေရ မူလတန်းပညာရေးစနစ်ကို ဖော်ဆောင်သွားမည်။

(ခ) ပညာရေး အဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍကို အားပေးဆောင်ရွက်သွားမည်။ နိုင်ငံတော်၏ ပညာရေးကဏ္ဍကိုလည်း အဆင့်အတန်းမြင့်မားအောင် မြှင့်တင်ဆောင်ရွက်သွားမည်။

(ဂ) အဆင့်မြင့် ပညာရေးကဏ္ဍတွင် နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(ဃ) ပြည်သူအားလုံးအတွက် ပညာရေးအခွင့်အလမ်းများကို လက်လှမ်းမီစေရန် တိုးတက်မြှင့်တင် အားပေးသွားမည်။

(င) ပညာရည်ထူးချွန်ပြီး ဆက်လက်သင်ကြားရန် အခက်အခဲရှိသော လူငယ်များ၏ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အားပေးကူညီ ဆောင်ရွက်သွားမည်။


ကျန်းမာရေးလုပ်ငန်းစဉ်။         တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် သက်တမ်းစေ့ နေနိုင်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့မြှင့်တင်ရေးနှင့် နိုင်ငံတော်က တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည်။

(ခ) ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ နိုင်ငံတော်၊ ပြည်သူ၊ ပုဂ္ဂလိကနှင့် ပရဟိတအဖွဲ့အစည်းများ ပါဝင်သော စနစ်တစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

(ဂ) ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စနစ်တကျ ရှိစေရေးနှင့် လူနာများ ယုံကြည်စိတ်ချရသည့် ကုသစောင့်ရှောက်မှု ရရှိရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်။

(ဃ) နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားမည်။


ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစဉ်။ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-


(က) သမိုင်းကြောင်း အထောက်အထားနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့အောင် ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ကာကွယ်သွားမည်။

(ခ) အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေးအတွက် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ရိုးရာပန်းပညာရပ်များကို ကိုယ်ပိုင်ယဉ်ကျေးမှု စံနှုန်းများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်သွားမည်။

(ဂ) အခြားတစ်ဖက်မှလည်း အမျိုးသားယဉ်ကျေးမှု ဘောင်အတွင်းမှ တီထွင်ဆန်းသစ်မှုများကို အားပေးမြှင့်တင်သွားမည်။


ဒီအချက်အလက်တွေကတော့ USDP ပါတီရဲ့ တရားဝင် website က ထုတ်ပြန်ထားတဲ့ အချက်တွေကို ကိုကားပြီး USDP ပါတီက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေကို အများပြည်သူ လေ့လာသုံးသပ်နိုင်စေဖို့ ကောက်နှုတ်ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံးအကြိမ်ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ USDP ဟာ အနိုင်ရပါတီဖြစ်ခဲ့ပြီး သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေကိုရဲ့ လေးစားချစ်ခင်မှုကို ရခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ USDP ကို ဦးခင်ရီ က ဦးဆောင်နေပါတယ်။ 

အခြားသော နိုင်ငံရေးပါတီတည်ထောင်ခွင့် ပြန်လည်လျှောက်ထားပြီးဖြစ်တဲ့ ပါတီများရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)