ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့်တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ချီးမြှင့်ပွဲ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့်တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ချီးမြှင့်ပွဲ တက်ရောက်ချီးမြှင့်



ရန်ကုန် မတ် ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲသည် အမျိုးသား တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဆုရွေးချယ်ချီးမြှင့်ပွဲများကို နိုင်ငံတော်အစိုးရ အဆက်ဆက်က တန်ဖိုးထားကာ အလေးအနက် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဆုပေးပွဲအခမ်းအနားကို နှစ်ကြိမ်တိုင် နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်‌ရောက်ချီးမြှင့်ခဲ့ပါကြောင်း။


ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့်ပတ်သက်ပြီး တာဝန်ကျေ မဟုတ်ဘဲ စိတ်ရင်းစေတနာ အမှန်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေပညာရှင်ကြီးများ အနေဖြင့်လည်း အမျိုးသားတစ်သက်တာ စာပေဆုအတွက် အသက်အရွယ်အရ၊ စာပေပညာအရပေးသင့် ပေးထိုက်သူ၊ ရသင့်ရထိုက်သူများ မကျန်ရှိစေရန်စိစစ်ရွေးချယ်ပေးနိုင်ရန် အကြံပြုပါကြောင်း၊ စာပေလောကကြီး တိုးတက်ဖွံ့ဖြိုးမှုရှိစေရေးအတွက် စာပေပညာရှင်ကြီးများက ဝိုင်းဝန်းကြပ်မတ်ပေးစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆု၊ စာမူဆုရွေးချယ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးသည်။


ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဆရာဦးစိန်လှိုင်(သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ စာအုပ်များလက်ခံရရှိမှု၊ ဆုရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ပြုလုပ်သည့် (၇၈) နှစ်မြာက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။


ရှေးဦးစွာ မြန်မာပြည်သိန်းတန်နှင့် ရင်ခွင်မဲ့ကလေးများ စုပေါင်းသီဆိုထားသည့် ကြယ်စင်လေး များ သီချင်းအား Video Clip ဖွင့်၍ အခမ်းအနားကို ဖွင့်လှစ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့ဖြစ်နေကြသည့် ရင်သွေးရတနာလေးများနှင့် ဘဝအခြေအနေချို့တဲ့နေကြသည့် ကလေးများစွာရှိပါကြောင်း၊ ထိုကဲ့သို့ ရင်ခွင်မဲ့နေကြသည့် ကလေးများကို စနစ်တကျပြုစု ပျိုးထောင်ပြီး တန်ဖိုးရှိသော လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် မေတ္တာဖြင့် ထုံမွှမ်း၍ ဝိုင်းဝန်းကူညီစောင့်ရှောက် ရမည်ဖြစ်ပါကြောင်း။


ရင်ခွင်မဲ့နေကြသည့် ကလေးများအား စာနာနားလည်မှုနှင့် ပံ့ပိုးကူညီမှုတို့ဖြင့် နွေးထွေး၊ အေးချမ်းပျော်ရွှင်သည့် မေတ္တာရင်ခွင်တစ်ခုဖန်တီးပေးပြီး ၎င်းတို့၏ပညာသင်ကြားရေး၊ စားဝတ်နေရေး စသည့်လိုအပ်ချက်များကို ဝိုင်းဝန်းကူညီစောင့်ရှောက်၍ စနစ်တကျ ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် နိုင်ငံအတွက် အားကိုးအားထားပြုရသည့် လူချွန်လူကောင်းများ ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် ပရဟိတအသင်းအဖွဲ့များကို ပံ့ပိုးပေးပြီး ရင်ခွင်မဲ့ကလေးများအတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးလျက်ရှိပါကြောင်း။


ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရင်ခွင်မဲ့ကလေးသူငယ်များ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး‌ရေးကို တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘရင်ခွင်မဲ့နေကြသည့် ရင်သွေးရတနာလေးများနှင့် ဘဝအခြေအနေ ချို့တဲ့နေကြသည့် ကလေးသူငယ်များအား ထောက်ပံ့ ကူညီနိုင်ရေးအတွက် “ကြယ်ကလေးများ၏ အနာဂတ်” တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် ညတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်နှင့်အတူ အသက်လေးနှစ်မှ အသက် ၂၀ အရွယ်အထိ ရင်ခွင်မဲ့ကလေးများက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါကြောင်း၊ ရင်ခွင့်မဲ့ကလေးငယ်များအား ပညာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် လူမှုဘဝတစ်လျှောက် ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းနိုင် ရန်အတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် မြန်မာပြည်သိန်းတန်က ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေရရှိရေး ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အလုပ်အမှုဆောင် ဦးဌေးလွင်တို့က ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေများကို ပေးအပ်လှူဒါန်းရာ နန်းဦးပရဟိတကျောင်း၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကမာဆွဲ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကလေးဝတောရ ဘုန်းတော်ကြီး သင်ပညာသင်ကျောင်း၊ မေတ္တာဝါဒီလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ပညာ့သိပ္ပံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လပြည်ဝန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင်ဇေယျာမင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာနှင့် ရတနာ့ဗိမာန်ပရဟိတကျောင်းတို့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။


ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အမှုဆောင် ဦးဌေးလွင်တို့က မုဒိတာစကားများပြောကြားပြီး ပရဟိတကျောင်းများကိုယ်စား ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှ ဒေါ်ခိုင်နှင်းဝေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)